ဇွန် ၁၇ ၊ နေပြည်တော်
စစ်ကောင်စီက ဦးစီးကျင်းပဖို့ရှိနေတဲ့ လာမယ့် ရွေးကောက်ပွဲမှာ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်တွေရဲ့ ပညာအရေးအချင်းကို သတ်မှတ်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၁၆ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
“ လွှတ်တော်ကိုယ်စားတွေဟာ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးအပါအဝင် တိုင်းပြည်ရဲ့အရေးပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့တော့ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ လွတ်တော်သက်တမ်း ၊ ပြီးခဲ့တဲ့ ကျွန်တော်တို့ ပါတီတွေကိုသွားစစ်ဆေးပြီးခါကျတော့ ကိုယ်စားလှယ်လောင်းတွေရဲ့အရည်အချင်း ဒါတွေဟာ သတ်မှတ်သင့်တဲ့ အတိုင်းအတာတစ်ခု သတ်မှတ်ဖို့ ဥပဒေထဲမှာလျာထားဆောင်ရွက်ထားပါတယ်” လို့ စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ပြောပါတယ်။
အရင်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ လွတ်တော်ကိုယ်စားလှယ်တွေရဲ့ ပညာအရည်အချင်းသတ်မှတ်ထားတာမရှိပေမယ့် စစ်ကောင်စီပြန်ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ သတ်မှတ်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။
ယခင်ရွေးကောက်ပွဲတွေတုန်းက ကိုယ်စားလှယ်တွေမှာ အတန်းပညာအဆင့် မူလတန်းအောင်မြင်ပြီးသူကနေ ဒေါက်တာဘွဲ့၊ပါရဂူဘွဲ့တွေအထိ ပါဝင်ခဲ့ကြတာလည်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲက အနိုင်ရကိုယ်စားလှယ်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်က ဘွဲ့တစ်ခုခုရရှိခဲ့ကြသူတွေဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေသိရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်မှာ လွတ်တော်ကိုယ်စားလှယ်တွေရဲ့ ပညာအရေးအချင်းကို သတ်မှတ်မထားပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အသက် ၂၅ နှစ်ပြည့်ပြီးသူ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အသက် ၃၀ ပြည့်ပြီးသူ၊ နိုင်ငံသားမိသားနှစ်ပါးက မွေးဖွားသူနဲ့ နိုင်ငံအတွင်းမှာ အနည်းဆုံး နှစ်နှစ်ဆယ်နေထိုင်သူဖြစ်ရမယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလပြဌာန်းချက်ပြီးရင် ရွေးကောက်ပွဲပြန်ကျင်းပပေးမယ်လို့ ကတိပြုထားတာလည်းဖြစ်ပါတယ်။