လှုပ်ရှားမှုရပ်တန့်နေတဲ့ ဗန်းမောက်မြို့နယ် ရှမ်းနီစာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီ ပြန်ဖွဲ့စည်းနိုင်ရေး ပဏာမ ဆွေးနွေး 

မေ ၂၉၊ ဗန်းမောက်

ဗန်းမောက်မြို့နယ်လုံးဆိုင်ရာ ရှမ်းနီစာပေနဲ့ ယဉ်ကျေးမှုကော်မတီဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ လှုပ်ရှားမှုတွေရပ်တန့်နေပြီး ပြန်လည် အသက်ဝင်လာစေဖို့အတွက် ဒီနေ့ မေလ(၂၉)ရက်နေ့မှာ ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့နယ် မံအင်မင်းကုန်းအုပ်စု မင်းကုန်းကျေးရွာရှိ အထက(ခွဲ) ပညာရေးခန်းမမှာ မြို့နယ်ရှမ်းနီစာပေနဲ့ ရိုးရာယဉ်ကျေးမှုကော်မတီ မြို့နယ်အဆင့်ဖွဲ့စည်းရေးအတွက် ပဏာမအကြိုဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။ 

ဆွေးနွေးပွဲမှာ  ဗန်းမောက်မြို့နယ်လုံးဆိုင်ရာ ရှမ်းနီစာပေနဲ့ ရိုးရာယဉ်ကျေးမှုကော်မတီကို  ပြန်လည်ဖွဲ့စည်းနိုင်ရေးနဲ့  ရှေ့ဆက်ဆောင်ရွက်မယ့်  လုပ်ငန်းစဉ်တွေကို  ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မြို့နယ်လုံးဆိုင်ရာ ကော်မတီကို ပြန်လည်အတည်ပြုမယ့်  အစည်းအဝေးကိုတော့  လာမယ့် ဇွန်လ ( ၇ )  ရက်နေ့မှာ  ရက်ချိန်းသတ်မှတ်ခဲ့ကြပါတယ်။ 

ယခင်က ဗန်းမောက်မြို့နယ်လုံးဆိုင်ရာ ရှမ်းနီစာပေနဲ့ ယဉ်ကျေးမှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပေမယ့် နိုင်ငံရေးအခြေအနေအပြောင်းအလဲများကြောင့် ကော်မတီရဲ့ လုပ်ငန်းများ ရပ်နားခဲ့ရတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ ဗန်းမောက်မြို့နယ်ရဲ့ စာပေနဲ့ယဉ်ကျေးမှု ကိစ္စရပ်တွေကို ဗန်းမောက်မြို့အနောက်ဘက်ခြမ်းရှိ မံစီကြီးဒေသစိတ် ကော်မတီကသာ ဦးဆောင်နေရတယ်လို့ သိရပါတယ်။

မြို့နယ်အဆင့် ကော်မတီရှိမှသာ လက်ရှိ စာသင်ကျောင်းတွေမှာ  သင်ကြားပေးနေတဲ့ TA/LT (Teaching Assistant / Language Teacher) ဆရာ၊ဆရာမတွေရဲ့  ထောက်ပံ့မှုကိစ္စရပ်တွေကို နိုင်ငံတော်က  ဆောင်ရွက်ပေးမှာဖြစ်တာကြောင့် ကော်မတီကို ပြန်လည်ဖွဲ့စည်းတာဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *