အောက်တိုဘာ ၂၄ ၊ ဝိုင်းမော်
ဝိုင်းမော်မြို့နယ်အတွင်းရှိ ပယင်းလုပ်ငန်းလုပ်ကိုင်တဲ့ လူငယ်ကုန်သည်တချို့ကို အခုရက်ပိုင်းအတွင်းမှာ ရဲတွေက ဖမ်းဆီးငွေတောင်းခံမှုရှိနေတယ်လို့ ပယင်းလုပ်ကိုင်နေသူတွေက ပြောဆိုနေကြပါတယ်။
“ အခုတလောကျွန်တော်တို့ ဝိုင်းမော်ဘက်က ဒီရှမ်းတွေပေါ့နော် မြစ်ကြီးနားကျောက်ဝိုင်းကနေ ပယင်းကျောက်သွားဝယ်ပြီးမှ ပြန်လာတဲ့အခါမှာ ဒီစစ်တပ်လည်းပါတယ်။ ရဲလည်းပါတယ်။ လမ်းမှာစောင့်ပြီးတော့မှ ငွေညစ်တာ အခေါက်ရေစိပ်စိပ်လေးကြုံလာရတယ်။ တစ်ခါတစ်လေဆိုရင်တောင်ဂိတ်နေရာမဟုတ်ရင်တောင် လမ်းခုလပ်တစ်နေရာစောင့်ပြီးဖမ်းတယ်။” လို့ ဝိုင်းမော်ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောပါတယ်။
ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့ ဆက်ထားသည့် ဗလမင်းထင်မြစ်ကူးတံတားအနီးက စုပေါင်းဂိတ်မှာလည်း ကျောက်ပါရင်စစ်ဆေးပြီး ဖမ်းဆီးငွေတောင်းခံမှုရှိသလို ကျောက်ဝိုင်းနှင့်အနီးမှာလည်း ဖမ်းဆီးပြီး ငွေတောင်းခံမှုတွေရှိတယ်လို့ သိရပါတယ်။
ပယင်းကျောက် အသေးအကြီးပေါ်မူတည်ပြီး ငွေကျပ် ငါးသိန်းဝန်းကျင်ကနေ သုံးသောင်းကျပ်အတွင်း တောင်းခံနေတာဖြစ်တယ်လို့ ဝိုင်းမော်မြို့ရှိ ပယင်းကုန်သည်တစ်ဦးက ပြောပြပါတယ်။
“ သူတို့ ကျောက်အထုပ်ကြီးရင်ကြီးသလို လေးငါးသိန်း၊ သုံးလေးသိန်း ၊ တစ်သိန်းနှစ်သိန်း အဲ့လိုတွေတောင်းတယ်။ ကျောက်ရောပါမှတောင်းတဲ့သဘော” လို့ သူကဆိုပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်းက ပယင်းကျောက်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတွေက လိုင်စင်ပြုလုပ်နိုင်ဖို့ တောင်းဆိုကြပေမယ့်လည်း မြစ်ကြီးနားမြို့တစ်ခုတည်းသာ လိုင်စင်ခွင့်ပြုထားပြီး ဝိုင်းမော်မြို့နယ်ဟာ အမည်းရောင်နယ်မြေဖြစ်သည့်အတွက် လိုင်စင်လုပ်ပြီးမရနိုင်ဘူးလို့ စစ်ကောင်စီဘက်က တုံ့ပြန်ကြောင်း ပြောပါတယ်။
လိုင်စင်မရှိခြင်းကြောင့် ဝိုင်းမော်မြို့နယ်ရှိ ပယင်းကုန်သည်တွေဟာ မကြာခဏ ဖမ်းဆီးခံရမှုတွေရှိနေဆဲလည်းဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။