ဝိုင်းမော်မြို့နယ်အတွင်းဘာတွေဆက်ဖြစ်နေလဲ

 မေ ၂၁ ၊ ဝိုင်းမော်

ဝိုင်းမော်မြို့နယ်အတွင်းက သာဂရ၊မှုတ်လွဲ၊ ခါးရှိ၊အင်းလေး၊ အောင်မြေ ၁၊ အောင်မြေ၂၊ ရွှေညောင် ၊ ခတ်ချိုကျေးရွာ အောက်ဘက်ရှိ နောင်ဟီး ၊ စန်းကား ကျေးရွာတွေကို ရွေ့ပြောင်းခိုင်းနေတဲ့ သတင်းတွကြောင့် ဒေသခံတွေဟာ ရွေ့ပြောင်းနေကြတယ်လို့ သိရပါတယ်။ 

KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝိုင်းမော်မြို့အထွက် တစ်မိုင်အကွာအထိ ရောက်ရှိလာခဲ့တာဖြစ်ပြီး မြို့အတွင်းနေထိုင်သူတွေလည်း ထွက်ပြေးတိမ်းရှောင်မှု ဆက်တိုက်ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။​

“ စစ်ရှောင်ကြတဲ့ဟာတွေကလည်း အစွန်အဖျားတွေတော့ ရွေ့ခိုင်းတယ်။ တပ်စွဲထားတဲ့ အနားတဝိုက်ရွာတွေကို ရွေ့ခိုင်းထားတယ်။  တစ်ယောက်တစ်မျိုးပြောနေကြတော့ ဘယ်ကိုပြေးရမလဲမသိဘူး။ လောလောဆယ်တော့ တော်တော်နီးနေပြီ။ လမ်းမကြီးကလည်း ရဲစခန်းတို့ ဆေးရုံတို့ကမျက်နှာချင်းဆိုင် ဆိုတော့ အကုန်လုံး လုံခြုံရေးအပြည့်ယူထားပြီ  ၊ အဲ့ဒီအခြေအနေကို ကြည့်ပြီးတော့မှ လူတွေက လန့်နေကြပြီ။ ဟိုဘက်က(KIA) ဘက်က လည်း ဒီဘက်ကို ဆက်တိုးပြီးတော့မှ မြို့ထဲကို ဝင်ခဲ့မလား အဲ့လိုသူတို့အချင်းချင်းကြားထဲက လူထုက ကြောက်ကြတာလေ ”  လို့ ဝိုင်းမော်မြို့ပေါ် ဒေသခံ ရှမ်းလူငယ် တစ်ဦးကပြောပါတယ်။ 

ဝိုင်းမော်မြို့ပေါ်ရှိ ဒေသခံတွေဟာလည်း မြစ်ကြီးနားမြို့ကို ပြောင်းရွေ့မှုတွေရှိနေပြီး တချို့လည်း မြို့အတွင်း ဆက်လက်နေထိုင်နေဆဲဖြစ်တယ်လို့သိရပါတယ်။ 

ဝိုင်းမော်မြို့နှင့် ရွှေညောင်ပင်ကျေးရွာကြားရှိ ကျေးရွာအားလုံးက ဒေသခံတွေက ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်လာကြပြီး လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်းစီစဉ်နိုင်ခြင်းမရှိသေးတာကြောင့် ကိုယ့်အစီအစဉ်ဖြင့်သာ တိမ်းရှောင်ကြရတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတစ်ဦးကပြောပါတယ်။ 

“မခန္တီတီးရွာက လူတွေ ဘယ်ပြေးရမှန်း မသိလို့။ ကျွန်မတို့ အိမ်ရှေ့ လာနားနေကြတာ၊ ညနေ ၅ နာရီဆို ဗလမင်းထင်တံတားက ပိတ်ပြီ။ မြစ်ကြီးနား အစစ်အဆေးတွေ တအားပဲ” လို့ ဝိုင်းမော်မြို့အတွင်းကို ဝင်ရောက်ခဲ့တဲ့ စစ်ရှောင်အခြေအနေကို ဒေသခံတစ်ဦးကပြောပါတယ်။ 

မေလ ၂၀ ရက်နေ့မှာ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအနီးမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့မှာတော့ လက်နက်ကြီးသံတချို့သာကြားရကြောင်း ဒေသခံတွေကပြောပါတယ်။ 

ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်းတပ်တို့ရဲ့ တိုက်ပွဲကြောင့်  ပြီးခဲ့တဲ့ မတ်လကတည်းက စစ်ရှောင်သူ နှစ်ထောင်ဝန်းကျင်ရှိရာကနေ လက်ရှိအချိန်မှာ စစ်ရှောင်လူဦးရေထပ်တိုးများလာနေပြီး ဝိုင်းမော်မြို့ပေါ် နှင့် မြစ်ကြီးနားမြို့တွေမှာ အဓိက စစ်ရှောင်နေကြကြောင်း စုံစမ်းသိရှိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *