
မေ ၂၂ ၊ ဝိုင်းမော်
ဝိုင်းမော်မြို့နယ်အတွင်းရှိ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဆီကို စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်သွားခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ရှမ်းနီအသံကို ပြောပါတယ်။
“ ဝိုင်းမော်ဘက်ကနေ ပစ်ခတ်မှုတွေ ပြန်လည်ကြားလာရတဲ့ ကိစ္စပါ။ ခတ်ချိုကျေးရွာ ၊စင်းခန်း( ကျန်းခန်း) ကြားတစ်နေရာဟုတ်တယ်။ မြို့ထဲကနေ လက်နက်ကြီးသံတွေကြားရတာ လေးရက်ရှိပြီ။ အဲ့ဘက်မှာ က ငှက်ပျောတင်တဲ့ တရုတ်ကားတွေ ဖြတ်နေကြလို့ ဟုတ်တယ်။ အဲ့ကားတွေကနေ အခွန်ရတယ်လေ အဲ့တာကြောင့် ချကြတာ” လို့ ဝိုင်းမော်ဒေသခံ ရှမ်းလူငယ်တစ်ဦးက ပြောပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်းက တရုတ်ပြည်ကို အဓိကတင်ပို့တဲ့ သစ်သျှူးငှက်ပျောတင်ကားတွေ ဖြတ်သန်းသွားလာတဲ့ ကျေးရွာတွေဆီကို စစ်ကောင်စီတပ်တွေက ချဉ်းကပ်သွားတာကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေကစလို့ တိုက်ပွဲငယ်တွေရှိခဲ့တာလို့ ဆိုပါတယ်။
သစ်သျှူးငှက်ပျောကားတင်တဲ့ ကုန်ကားတွေဟာ လမ်းဟောင်းဖြစ်တဲ့ ခတ်ချိုကျေးရွာဘက်ကို ဖြတ်သန်းသွားလာခြင်းမရှိတော့ဘဲ စင်းခန်းကျေးရွာ မှတဆင့် ဝါးရှောင်ကျေးရွာ ၊အဲ့ကနေတဆင့် တရုတ်နိုင်ငံဘက်သို ့ တင်ပို့နေကြတာလည်းဖြစ်ပါတယ်။
“ နောက်ပိုင်း ငှက်ပျောကား အတော်များများ ခတ်ချိုဘက်မဝင်ပဲ အဲ့ စင်းခန်းလမ်းတစ်ဝက်ကနေ အောင်မြေ ၁ ဘက် သွားတာ ၊ အဲ့ကနေ တဆင့် ဝါးရှောင်ဘက် လမ်းပေါက်တယ်၊ ဆိုတော့ စကစ တပ်က အဲ့ ကားတွေ ဖြတ်သွားတဲ့ နေရာအထိ တပ်တိုးသွားတော့ တိုက်ပွဲတွေ ဖြစ်တာ၊ အဲ့ကားဖြတ်တဲ့နေရာ ကေအိုင်အေ တို့ရှိနေတာလေ” လို့ သူကဆက်ပြောပါတယ်။
မေလ ၂၀ ရက်နေ့က KIA နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေစဉ် ခတ်ချိုကျေးရွာ နောင်ပက လမ်းပိုင်းတစ်နေရာမှာ နောင်စီပေါကျေးရွာသား ဦးပေါင်းရင့် သေဆုံးခဲ့တယ်လို့သိရပါတယ်။
ဝိုင်းမော်မြို့နဲ့ မိုင်အနည်းငယ်အကွာတွေကို စစ်ကောင်စီတပ်တွေက ထိန်းချုပ်ထားပြီး ကျေးလက်ဒေသအများစုံကိုတော့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်အတွင်းမှာ တိုက်ခိုက် ထိန်းချုပ်ထားခဲ့တာလည်းဖြစ်ပါတယ်။
