ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာ နေအိမ်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ

ဇူလိုင် ၁၂ ၊ ရှမ်းနီအသံ

ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာက နေအိမ်တစ်ခုအတွင်းကို ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည်အချိန်က မြစ်ကြီးနားကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

“ အဖွားနဲ့ ညီမလေးအိမ်ထွက်ဖို့ ခြေတစ်လှမ်းနောက်ကျတော့ ကံကောင်ခဲ့ပေမယ့် မေလိမ့်ရွက်တို့အိမ်က ကံဆိုးခဲ့တယ်။ ရစရာမရှိ အကုန်ပျက်စီးကုန်တယ်” လို့ လက်နက်ကြီးကျရောက်ပေါက်တဲ့နေအိမ်ရဲ့ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာ ပြောဆိုထားပါတယ်။

လက်နက်ကြီးကြောင့် နေအိမ်ရဲ့ တံစက်မြိတ် ၊ ခေါင်မိုး ၊ တံခါးများ ၊ နံရံများ ပျက်စီးသွားတာလည်းဖြစ်ပါတယ်။

နောင်စီပေါကျေးရွာဟာ စစ်ကောင်စီတပ်နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲအတွင်း ပိတ်မိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး အရပ်သားများအစု ကျေးရွာအတွင်း စစ်ဘေးမတိမ်းနိုင်ကြဘဲ ကျေးရွာမှာ ဆက်လက်နေထိုင်ကြဆဲဖြစ်ပါတယ်။

ဒီလိုပိတ်မိနေတဲ့အတွက်ကြောင့် စားသောက်ကုန်များ ၊ ဆေးဝါးများလည်း ပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဆားတွေမစားရတာကြာပြီ ။ ဆေးဝါးဆိုလည်း ပျက်နေတယ်။ လူမှုကူညီရေးတွေလည်း သွားကူညီဖို့ခက်ခဲကြတယ်” လို့ ဝိုင်းမော် ဒေသခံတစ်ဦးက ပြောပါတယ်။

ပိတ်မိနေတဲ့သူတွေကိုကူညီနိုင်ဖို့အရေးဟာလည်း ဝိုင်းမော်မြို့အထွက်မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးရေးကြမ်းနေသလို နောင်စီပေါကျေးရွာအနီးမှာလည်း KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက လုံခြုံရေးတင်းကြပ်ထားတာကြောင့် သွားလာရေးအတွက်အခက်အခဲက စိန်ခေါ်မှုရှိနေဆဲဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေကပြောပါတယ်။

“နောင်စီပေါမှာက တော်တော်များများကျန်သေးတယ်။ အများကြီးကျန်အုံးမယ်။ အိမ်စောင့်တဲ့သူတွေလည်းကျန်အုံးမှာလေ၊ ကျွန်တော်တို့ ရှမ်းတွေဆို သိတဲ့အတိုင်းပဲ ကိုယ့်ပစ္စည်းကို နှမျှောလို့ မစွန့်ရက်တဲ့ဟာတွေအများကြီးရှိအုံးမယ် ၊ လူငယ်လူရွယ်ပိုင်းတွေက သိပ်တော့မရှိတော့ဘူးပေါ့နော် နိုင်ငံခြားသွားကုန်တာတို့ပေါ့နော်။ လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေကျန်အုံးမယ်” လို့ သူက ဆက်ပြောပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းက နောင်စီပေါကျေးရွာအုပ်စုမှာ အမျိုးသား ၁၀၅၄ ဦး၊ အမျိုးသမီး ၁၁၆၄ ဦး၊ လူဦးရေစုစုပေါင်း ၂၂၁၈ ဦးနေထိုင်တယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းအရ သိရပါတယ်။

မြစ်ကြီးနား-ဗန်းမော် လမ်းပိုင်းပေါ်က ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာအများစုဟာ ပြီးခဲ့တဲ့ KIA နဲ့ စစ်ကောင်စီတို့ရဲ့တိုက်ပွဲတွေကြောင့် မြို့ပေါ်ကို တိမ်းရှောင်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *