ဩဂုတ် ၂၅ ၊ ဝိုင်းမော်
ဝိုင်းမော်မြို့နယ် ရပ်ကွက် (၅) ရှိ နေအိမ်တစ်အိမ်ကို သေနတ်ကိုင်ထားတဲ့ လူငယ်တစ်စုက နေအိမ်အတွင်း ဝင်ရောက် ဓားပြတိုက်ခဲ့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူတွေဆီကနေ သိရပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှာ လူငယ် ၆ ဦးက သေနတ်အတိုကိုင်ဆောင်ထားပြီး ဝင်ရောက်ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ သူတို့အိမ်က ရပ်ကွက် (၅) ချောင်ထဲမှာကျတယ်။ သူတို့က အမဲခုံတွေဘာတွေလုပ်တယ်။ အရောင်းအဝယ်တွေလည်း လုပ်တယ်။ တရုတ်ပြည်ကိုလည်း နွားတွေဘာတွေပို့တော့ ပိုက်ဆံရှိတာကိုး ၊ အိမ်ခြံမြေတွေဘာတွေဝယ်တာကအစ သိန်းထောင်ချီပြီးဝယ်တာကိုး ၊ သူတို့အကြောင်းသိတဲ့သူလည်းသိတော့ အဲ့ကြောင့်မို့လို့လည်း သွားပြီးဓားပြတိုက်တာဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တစ်ခုကလည်း သေနတ်အတိုတွေပါတော့ စဉ်းစားစရာပါ့” လို့ ရပ်ကွက်(၅) နေထိုင်သူ တစ်ဦးက ပြောပြပါတယ်။
ဓားပြတိုက်ခံရတာကြောင့် ငွေကျပ်သိန်း ၅၀၀၀၊ တရုတ်ယွမ် ၇၀၀၀၀၊ လက်စွပ်တစ်ကွင်း၊ ဆိုင်ကယ်တစ်စီးနှင့် ဖုန်း ၇ လုံးဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဓားပြတိုက်ခံရတဲ့နေအိမ်ဟာ ဝိုင်းမော်မြို့မှာ အမဲသားသတ်လိုင်စင် ရရှိထားသူတစ်ဦးလည်း ဖြစ် နွားတွေကို တရုတ်နိုင်ငံသို့ ကုန်ကူးနေတဲ့ ကုန်သည်လည်းဖြစ်ကြောင်း သိရပါတယ်။
“ လောင်းကစားတွေကြောင့်၊ ဖိုးသမားတွေကြောင့် ပိုက်ဆံအရမ်းလိုလို့ လုပ်သွားတဲ့ပုံမပေါက်ဘူး၊ အဲ့ဒီအိမ်ရဲ့ ပိုက်ဆံအရမ်းရှိတဲ့ဟာကို သူတို့ကသိနေတာရယ်ဆိုတော့ ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့ မြင်တာပေါ့နော်” လို့ ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။
လုယက်မှု၊ ခိုးမှုများဟာ ဝိုင်းမော်မြို့နယ်အတွင်း မကြာခဏဖြစ်ပွားပေမယ့် အခုလို နေအိမ်အထိ သေနတ်ကိုင်ပြီး ဓားပြတိုက်ခံရမှုဖြစ်စဉ်ဟာ ပထမဆုံးအဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။