
ဇန်နဝါရီ ၂၀၊ ဝိုင်းမော်
ဝိုင်းမော်မြို့အနီးတစ်ဝိုက်ကရွာတွေမှာ စစ်ကော်မရှင်တပ်နဲ့ KIA+PDF ပူးပေါင်းတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုများကြောင့် နေ့စဉ်တိုက်ပွဲများရက်ဆက်ဖြစ်ပွားနေပြီး လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုကြောင့် စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့ ဆိုကြပါတယ်။
“ ဒီနေ့မနက်ထဲက လက်နက်ကြီးပစ်နေတာ ခုထိမရပ်သေးဘူး တအုံးအုံးနဲ့လန့်နိုးလာတာ ပစ်နေတာတော့ အရင်နေ့တွေထဲကပါလေ ဒါပေမဲ့ ဒီမနက်ကအကြိမ်ရေများတော့ တော်တော်ကျယ်ကျယ် ကြားရတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဝိုင်းမော်-ဆဒုံး လမ်းမပေါ်က ဝူယာန်ကျေးရွာနဲ့ လမြန်ကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားနေတာ လေးရက်ခန့် ရှိလာပြီလို့ သိရပါတယ်။
ထိုးစစ်ဆင်တာမျိုးမဟုတ်ပဲ ကင်းလှည့်ချိန် အပြန်အလှန်ပစ်ခတ်မှုမျိုးသာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒေသခံတွေက ဒရုန်ဗုံးသံများ၊ လက်နက်ကြီးသံများနေ့စဉ်ဆိုသလိုကြားရပြီး အပြန်အလှန်ပစ်ခတ်မှုများကြောင့် မြို့ပေါ်နဲ့ ကျေးရွာတစ်ချို့မှာ နေအိမ်ပေါ် ကျလာမှာကို စိုးရိမ်နေကြရတယ်လို့ ပြောဆိုကြပါတယ်။
ဒါ့အပြင် ယခုနှစ်ပိုင်းများတွင် အဲ့ဒီ လမြန်းနဲ့ ဝူယာန်ကျေးရွာဘက်သွားလမ်းမှာ တိုက်ပွားများမကြာခဏဖြစ်ပွားမှုကြောင့် စစ်တပ်က ပိတ်ပင်ထားပြီး အစစ်အဆေးများအကြပ်အတည်းရှိတယ်လို့သိရပါတယ်။
တိုက်ပွားဖြစ်ပွားတဲ့ရွာတွေက ဒေသခံများမှာ နေအိမ်များတွင်မနေကြတော့ပဲ ထွက်ပြေးတိမ်းရှောင် နေတာ နှစ်နှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။
အဲ့တာတွေကြောင့် ဝမ်းစာရေးအခက်အခဲတွေဖြစ်ပေါ်ပြီး ကျေးရွာတောင်သူတချို့ဟာ ရွာသို့တောလမ်းက ပြန်ကြပြီး စိုက်ပျိုးရေးကို သွားရောက်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။
