မတ် ၁၂ ၊ ခေါင်ဖူး
တာလောကြီးတိုက်နယ်က သမိုင်းဝင်ခေါင်ဖူးဘုရားပွဲတော်ကို ဒီနေ့ မတ်လ ၁၂ ရက်နေ့မှာပဲ စတင်ကျင်းပပြုလုပ်နေတယ်လို့သိရပါတယ်။
နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ပွဲဖြစ်ပေမယ့်လည်း အာဏာသိမ်းမှုနဲ့ ကပ်ရောဂါတွေကြောင့်မို့ ပျော်ပွဲရွှင်ပွဲတွေမပါပဲ ဗုဒ္ဓပူဇနိယပွဲတော်ကို ပြုလုပ်တာလည်းဖြစ်ပါတယ်။
“ ပွဲကတော့ မနှစ်တုန်းကတော့မဖြစ်ဘူး။ လပြည့်နေ့မှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနဲ့ ဘုရားအနေကဇာတင်တာပေါ့လေ၊ ဒီနှစ်မှာတော့ ပဌာန်းပွဲနဲ့ စပြီးတော့ဖွင့်တာပေါ့ဗျာ” လို့ တာလောကြီးတိုက်နယ်က ဦးတင်မြင့်က ပြောဆိုပါတယ်။
ခေါင်ဖူးဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်ကတည်းက အသောကမင်းတည်ထားကိုးကွယ်ခဲ့တဲ့ဘုရားတစ်ဆူဖြစ်ပြီး ကချင်ပြည်နယ်မှာ ရှေးအလွန်ကျတဲ့ ဘုရားတစ်ဆူလည်းဖြစ်ပါတယ်။
တစ်ချိန်က ဧရာဝတီမြစ်ကမ်းနဖူးဘေးမှာတည်ရှိပြီး မြစ်ရေစီးကြောင်းပြောင်းလဲလာမှုတွေကြောင့် လက်ရှိအချိန်မှာ မြစ်ကျိုးအင်းဖြစ်နေပြီး ဘုရားကိုသွားဖို့ ဝါးတံတားထိုးပြီး သွားလာရတာဖြစ်ပါတယ်။
ဒီဝါးတံတားကလည်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ကိုယ်ထူကိုယ်ထတည်ဆောက်ကာ မြန်မာနိုင်ငံမှာ အရှည်ဆုံးသော ဝါးတံတားတွေထဲကမှ တစ်ခုပါဝင်တာလည်းဖြစ်ပါတယ်။