
ဇူလိုင် ၁၉ ၊ သိန္နီ
ရှမ်းပြည်မြောက်ပိုင်းတွင် ကိုးကန့်တပ် MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ သိန္နီမြို့ရှိ မြို့မစျေးကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူရှိခဲ့ပြီး မြို့အတွင်းကို ဆက်လက်တိုက်ခိုက်တဲ့အတွက်သေဆုံးသူများပြားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ အခြေအနေကတော့ Video ထဲမှာ တွေ့တဲ့အတိုင်းပဲ သိန္နီကတော့ သေဆုံးသွားတဲ့သူကတော့ တစ်ဦးရှိတယ်ဒါက ကနဦးသိရတာ ” လို့ သိန္နီဒေသခံတစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်မှာ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စျေးအတွင်း နဲ့ စျေးပတ်ဝန်းကျင် ဆိုင်ခန်းများ ၊ရပ်ကွက်အတွင်းများကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူ အရေအတွက် ဆယ်နှင့်ချီရှိနိုင်ပေမယ့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းပြတ်တောက်နေမှုကြောင့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
စျေးတန်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူတွေထဲမှာ သိန္နီမြို့နယ် SNLD စည်းရုံးရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး စိုင်းထွန်းကြည် ၊ စိုင်းအောင်ထွန်း တို့ပါဝင်တယ်လို့လည်း သိန္နီဒေသခံတစ်ဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားပါတယ်။
သိန္နီဒေသခံတွေရဲ့ ပြောဆိုမှုအရ စျေးစည်ကားချိန် လေကြောင်းမှ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် သေဆုံးသူများပြားတာဖြစ်တယ်လို့သိရပါတယ်။
MNDAA က ယာယီအပြစ်ခတ်ရပ်စဲတဲ့ ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ပြီး သိန္နီမြို့အတွင်းကို ဇူလိုင်လမှာ သုံးကြိမ်တိုက်တိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်း ၊ ပညာရေးမှူးရုံး၊ အရပ်သားနေအိမ် များထိခိုက်ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။