
မတ် ၁၂ ၊ မိုးကုတ်
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်ကို တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ပြီး ၈ လအကြာမှာပဲ စစ်သားကောက်ယူမှုတွေပြုလုပ်တော့မယ့် သတင်းတွေထွက်ပေါ်လာနေပါတယ်။
“ စစ်သားကောက်တော့မယ်ဆိုတဲ့ သတင်းတွေကိုတော့ ကြားထားပြီးပြီ။ အိမ်ထောင်စုတွေကို လိုက်ကောက်နေတယ်။ မိသားစုထဲက ယောင်္ကျားလေးဆိုခေါ်မယ် ။ မြို့ခံ ( PDF) ကတော့ ဒီသတင်းကိုငြင်းနေတယ်” လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
TNLA က စစ်သားသစ်ကောက်ယူရာမှာ အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားတွေကို အဓိကခေါ်ယူမှာဖြစ်ပြီး မြို့စောင့်တပ်အဖြစ်ဖွဲ့စည်းကာ မြို့ကိုကာကွယ်ဖို့အတွက်ဖြစ်ကြောင်း အုပ်ချုပ်ရေးရုံးများနှင့် နီးစပ်သူတွေထံကနေသိရပါတယ်။
မိုးကုတ်မြို့ပေါ်ရှိ ရပ်ကွက်တချို့မှာ ဖေဖော်ဝါရီလ နဲ့ မတ်လအတွင်း TNLA က အိမ်ထောင်စုစာရင်းတွေလိုက်ကောက်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“ ပလောင်တွေက အိမ်ထောင်စုစာရင်းတွေလာကောက်သွားတယ်။ ဘာလုပ်ဖို့အတွက်လည်းတော့မပြောဘူး ။ အိမ်ထောင်စုထဲမှာ ယောကျာ်းလေးတွေရှိရင် စစ်သားလုပ်ဖို့အတွက်ကောက်သွားမယ်လို့တော့ ပြောနေကြတယ်” လို့ သူက ဆိုပါတယ်။
စစ်သားစုဆောင်းမှုတွေနဲ့ပတ်သက်ပြီး မြို့ခံတွေအကြား အမြင်အမျိုးမျိုးကွဲပြားနေသလို စစ်သားသစ်ကောက်ယူမှုတွေကို TNLA အနေနဲ့ ပြန်လည်သုံးသပ်သင့်တယ်လို့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။
TNLA က တပ်သားသစ်ကောက်ယူမှုတွေကို ယခင်က တအာင်း(ပလောင်)လူမျိုးတစ်ခုတည်းကိုသာ ကောက်ယူနေတာဖြစ်ပြီး အခုမှာတော့ သိမ်းပိုက်မြို့တွေထဲက လူမျိုးပေါင်းစုံကို စစ်သားသစ်အဖြစ် စုဆောင်းနေတာဖြစ်တယ်လို့ သိရပါတယ်။
သိမ်းပိုက်ထားတဲ့မြို့တွေမှာ စစ်သားသစ်ကောက်ယူမှုတွေကို ၂၀၂၅ ခုနှစ်မှာ စတင်လာနေတာဖြစ်ပြီး TNLA ဘက်က တိတိကျကျထုတ်ပြောခြင်းမရှိသေးပါဘူး။
မိုးကုတ်မြို့နယ်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့မှာ တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် PSLF/TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။