သီပေါမြို့နယ်တွင်ဖြစ်ပွားခဲ့တဲ့  SSPP/SSA နဲ့စစ်ကောင်စီတပ်တို့ရဲ့တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့လက်နက်ကြီးကျည်ကြောင့်နေအိမ်၁၄လုံးပျက်စီး 

ဒီဇင်ဘာ ၂ ၊ သီပေါ 

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်တွေကြောင့် နေအိမ် ၁၄ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဒီဇင်ဘာ ၂ ရက်နေ့ ရက်စွဲနဲ့ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေအကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

နိုဝင်ဘာလ ၂၅ ရက်နေ့မှာ သီပေါမြို့နယ် မန္တလေး-မူဆယ်အဝေးပြေးလမ်းမပေါ်မှာရှိတဲ့ ကုန်းသာကျေးရွာမှာ တိုက်ပွဲဖြစ်ပြီး အနီးနားကကျေးရွာဖြစ်တဲ့ နောင်အန်၊ ကုန်းပျဉ် ကျေးရွာသူ/သား စုစုပေါင်း ၇၀၀ ကျော်ဟာ သီပေါမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာလို့ဆိုပါတယ်။ 

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုက တစ်ရာခွဲခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်တွေရဲ့ ကျေးရွာအတွင်းပစ်ခတ်မှုတွေကြောင့် နေအိမ် ၁၄ လုံးပျက်စီးခဲ့တာဖြစ်တယ်လို့ SHRF အဖွဲ့က ပြောဆိုထုတ်ပြန်ထားပါတယ်။ 

တိုက်ပွဲငြိမ်သက်သွားပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်တွေဟာ ကုန်းသာကျေးရွာ စာသင်ကျောင်းမှာ ဆက်လက်တပ်စွဲနေပြီး ဒေသခံတွေရဲ့ နေအိမ်တချို့ကိုလည်း မွှေနှောက်ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ဘေးရှောင်တွေဟာ သီပေါမြို့ပေါ်က ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းတွေမှာ ရက်အနည်းငယ်ကြာတိမ်းရှောင်ခဲ့ပြီး  နိုဝင်ဘာ ၂၉ ရက်နေ့မှာ နေရပ်ကိုပြန်သွားကြပြီလို့ ကူညီကယ်ဆယ်ရေးပြုလုပ်သူတွေက ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *