သုံးပေတစ်ဂိတ် ၊ ကွင်းလမ်း တစ်ည  အထက်ပိုင်းခရီး 

မန္တလေးဆောင်းက ယခုနှစ်တွင် အေးကပိုလာသည်။ မြူနှင်းဖြူများပင်ဆိုင်းထနေပေသည်။ အထက်ပိုင်းသို့ တက်မည့် ဒီနေ့အတွက်အအေးဓာတ်ကပို၍အေးလာသည်။ တစ်ချိန်က ရထား၊ ရထားခေတ်နှောင်းပိုင်းမှာ အဆင့်မြင့် Express ၊ အခုတော့ ADvan ကားသေးဖြင့် အထက်ပိုင်းဒေသသို့ခရီးသွားရမည်ဖြစ်သည်။ ငါးပေကျော်သာမြင့်သည့် ADVan ကားပေါ်တင်ထားတဲ့ ကုန်ပစ္စည်းက ရှစ်ပေနီးပါးမြင့်နေသည်။ ဆောင်းတွင်းချမ်းခိုက်ခိုက်မှာ စွပ်ကျယ်၊ ပုဆိုး ခပ်တိုတိုဝတ်ပြီး ကုန်ပစ္စည်းတွေကို မဆံ့ဆံ့အောင်အတင်းကာရောသွပ်သိပ်ထည့်နေကြသည်။ ကားသေးသေးလေးထဲ ကုန်ပစ္စည်း တစ်တန်နီးပါးဆံ့အောင် ကားသမား၊ ကားစပါယ်ယာတွေက  နည်းမျိုးစုံဖြင့် ကြံစည်တင်ဆောင်ကြသည်။ ခရီးသည်တွေအတွက် နဲ့ ကားမောင်းသူအတွက်  တစ်ထိုင်စာလောက်လေး နေရာသာချန် ပြီး ပစ္စည်းအပြည့်တင်နေသည်။ ပစ္စည်းတင်ရာမှာလည်း ပစ္စည်းအားလုံးကို အလွယ်တကူ စစ်ဆေးလို့ရအောင် ၊ လမ်းမှာမပြုတ်မကျအောင် စဉ်းစားပြီးတင်ကြရတာပါ။ နေမထွက်ခင် နာပေါက်ကျော်မှ ရမည်ဟု ကားသမားအများစုက ယူဆထားကြသည်။ နာပေါက်လို့ အရပ်ခေါ်စကားဟာ မန္တလေး-စစ်ကိုင်းရဲ့ ဝင်ပေါက်ထွက်ပေါက်တစ်ခုလည်းဖြစ်သည်။ နာပေါက်ဂိတ်တစ်ဖက်ကမ်းက မန္တလေးမှာ  ပုံမှန်လှုပ်ရှားသွားလာနေကြရသော်လည်း စစ်ကိုင်းဘက်ခြမ်းမှာတော့ ဒုက္ခအစုံစုံနဲ့လုံးပန်းနေကြရသည်။ ကားသည်က နာပေါက်ဂိတ်မှကျော်ပြီး ဧရာဝတီမြစ်ကူးတံတား (ရတနာပုံ) ပေါ်ကနေ တဖြည်းဖြည်းရွေ့လျားနေသည်။ တံတားအဆင်း ဇေယျာတိုင်းခေါ် စစ်ကိုင်းတိုင်းက ကြိုဆိုတဲ့ဆိုင်းဘုတ်ကို စမြင်ရပြီဖြစ်သည်။  ဆိုင်းဘုတ်နှင့်အတူတွဲမြင်ရသည်က စစ်ဆေးရေးဂိတ်များစွာဖြစ်သည်။ တစ်စီတစ်တန်းကြီးရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တိုင်းဒေသကြီး နှစ်ခုကြား နယ်ခြားစစ်ဆေးရေးဂိတ်များ ၊ မြို့ဝင်စစ်ဆေးရေးဂိတ်များ အဖွဲ့များသည်ကလည်း စုံလှသည်။ အဖွဲ့စုံစစ်ဆေးရေးဂိတ်ဟုနာမည်သွင်ပြီး အဖုံဖုံစစ်ဆေးလျက် ငွေကြေးများ လည်းပေးဆောင်ကြရသည်။ ငွေကြေးပေးဆောင်ရသည့် အကြောင်းအရင်းအတိအကျမသိသော်လည်း လမ်းခရီးဖြောင့်ဖြူးဖြောင့်တန်းရေးအတွက်ဟုပင် အရပ်သားခြင်း၊ ကားသမားခြင်း နားလည်သည့်ဘာသာ စကားဖြစ်သည်။ စစ်ကိုင်းစစ်ဆေးရေးဂိတ်များကိုကျော်လွန်သွားပြီး ၁၀ မိုင်အတွင်း နောက်ထပ်ကြားဖြတ် စစ်ဆေးတတ်သည့် စစ်ဆေးရေးများလည်း တားဆီးကြသည်။တစ်ထောင်တန်ငွေစက္ကူတစ်ရွက်ခြင်းစီလိတ်ထားသလို ငါးထောင်တန်ငွေစက္ကူများကိုလည်း လိတ်ထားပြီး  ကားDeskboard ပေါ်တင်ထားသည်။ “ တစ်ဂိတ်တွေ့လျှင် တစ်ရွက်ထုတ် ၊ ဂိတ်ကြီးရင် အရွက်ကြီးပြီး ဂိတ်သေးလျင် အရွက်သေး” ဟု ကားသမားများက အရွှန်းဖောက်ကြသည်။ ကားသည်ကား မုံရွာ-စစ်ကိုင်း-ရွှေဘိုလမ်းဆုံလမ်းခွသို့ရောက်ပြီးလျှင် လကမ္ဘာ လမ်းအစဖြစ်ချေပြီ။ လမ်းကဖြောင့်သော်လည်း လမ်းသားအပေါက်အပြဲနှင့် ကျင်းချိုင့်များဖြစ်နေသည်။ လမ်းပိုင်းများဤသို့ဖြစ်ရသည်မှာ လမ်းအနီး မိုင်းထောင်မှုများ ၊ မကြာခဏ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် အပေါက်အပြဲလမ်းဖြစ်သည်။ ၂၀၂၀ မတိုင်ခင်က စစ်ကိုင်းမှ အထက်ပိုင်းသို့ နေ့ချင်းပေါက်ခရီးဖြစ်သည်။ လက်ရှိမှာတော့ လမ်းကြမ်းကြမ်းက ဆီးကြိုနှုတ်ဆက်နေသည်။ ကုန်အဆမတန်တင်လာသည့်ကားသေးလေးဟာ အိပဲ့ပဲ့မောင်းနှင်ရေး ရှေ့တစ်ပြအလို အရှိန်လျော့ရသည်။ လျှော့ရသည့်အကြောင်းက ဒေသကာကွယ်ရေးတပ်များ၏ စစ်ဆေးမှုများရှိနေသည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့များသည်လည်း စစ်ကိုင်းနှင့် ရွှေဘိုကြားတွင် စုံလင်လှသည်။ NUG ၏ ပကဖ ၊ ပလဖ လက်အောက်တွင်ရှိသည့် ကာကွယ်ရေးတပ်ဖွဲ့များက စစ်ဆေးသလို NUG လက်အောက်ကမဟုတ်တဲ့ သီးခြားရပ်တည်နေတဲ့ ဒေသကာကွယ်ရေးတပ်များကလည်း စစ်ဆေးသည်။ NUG လက်အောက်က ကာကွယ်ရေးတပ်များက အခွန်ဆောင်ထားခြင်းရှိ/မရှိ စစ်ဆေးသလို တင်ဆောင်လာသည့် ကုန်ပစ္စည်းများ ၊ စာရင်းများကို စစ်ဆေးသည်။ စစ်တပ်၏ ထုတ်ကုန်များကို အဓိကထားစစ်ဆေးပြီး ကားသမားက ကန်တော့ပုံသဏ္ဍန်ငွေစာက္ကူလိပ်လေးတစ်လိပ်ကို စစ်ဆေးသူထံကမ်းပေးလိုက်သည်။ ထို့နောက်ကားက ခရီးဆက်လို့အဆင်ပြေသွားချေပြီ။ လက်လုပ်သေနတ်လွယ်လျက် ၊ ယူနီဖောင်းတစ်ပိုင်းသာရှိပြီး ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ဦးက ကားကို ထပ်တားလိုက် သည်။ ကုန်ပစ္စည်းများအကြောင်း ၊ လမ်းခရီးအကြောင်းမေးပြီး ခရီးသည်များထံ မှတ်ပုံတင်တောင်းစစ်ကြည့်လိုက်သည်။ နေရပ်အကြောင်း၊ သွားမည့်ခရီးအကြောင်းမေးကြသည်။ ထို့နောက်တွင် ၎င်းတို့၏ အဖွဲ့ရပ် တည်ရေးအတွက်အလှူငွေထည့်ဝင်ကြဖို့ ပစ္စတိုခါးချိတ်ထားတဲ့ လူလတ်ပိုင်း တစ်ဦးက ဆော်ဩလိုက်သည်။ ခရီးသည်များကလည်း ပိုက်ဆံအိတ်အတွင်းက ပါလာသည့် ငါးထောင်တန် ၊  တစ်ထောင်တန် ၊ ငါးရာတန် များထုတ်ပြီး  ထည့်ဝင်လိုက်ကြသည်။ နေမွန်းဟာ တည့်ခါနီးလာပြီ ။ထိုသို့သော စစ်ဆေးရေးဂိတ်များဟာ စစ်တပ်တစ်ဂိတ် ၊​ဒေသကာကွယ်ရေးတစ်ဂိတ် အဲ့လိုနှင့် ဘယ်နှစ်ခုလောက်ကျော်လာသည်မသိ ရွှေဘိုမြို့ အဝင်မှာ လမ်းဆင်းလျှောက်ရတော့သည်။ မှတ်ပုံတင်လေးကိုင်ပြီး စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ရသည်။ ရုပ်ရည်ကိုကြည့်ပြီး လူငယ်အများစုကို  စစ်ကောင်စီရဲတပ်ဖွဲ့က ဟိန်းဟောက်သံနဲ့ မေးသည်။ လဝက သည် လည်း ထိုအတိုင်းပဲ မှတ်ပုံတင်ကိုသေချာစေ့စေ့ငှငှကြည့်ပြီး ၎င်းတို့က “သွား” ဟု လေသံမာမာနှင့်ပြောမှ ခြေလှမ်းကရှေ့ဆက်ခွင့်ရကြသည်။  ရွှေဘိုမြို့ကျော်လျင် “ NUG”  နှင့်

ဒေသကာကွယ်ရေးတပ်များနယ်များအများစု အပိုင်စားရသည့် နယ်သို့ရောက်ပြီဟု ဒေသခံတစ်ဦးကဆိုသည်။ NUG ၏ ဒေသကာကွယ်ရေး တပ်များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲအများဆုံးဖြစ်သည့် မြို့များသည် စစ်ကိုင်းတိုင်းအလယ်ပိုင်းက မြို့များဖြစ်သည်။ တိုက်ပွဲနှင့် မီးရှို့မှုများကြောင့် မြို့ရွာနေအိမ်မီးလောင်ပျက်စီးမှုစာရင်းများထဲမှာလည်း “ ရွှေဘို ၊​ရေဦး ၊ ခင်ဦး” မြို့များက အများဆုံးသော စာရင်းမှာရပ်တည်နေသည်။ ဖြတ်လာရသည့်ကျေးရွာများတွင် တစ်ချိန်က စီစီရီရီကျေးလက်အိမ်များမှာ ကြိုးတို့ကျဲတဲ ၊ အိမ်တိုင်သာကျန်ပြီး အိမ်မကြီး ပြာပုံဖြစ်နေသည့် မြင်ကွင်းများကလည်း မထွက်တတ်ပေ။ ကွေ့ကောက်ကောက် ကတ္တရာလမ်းများပေါ်မောင်းနင်နေရင်း လယ်ကွင်းထဲကို ဖြတ်မောင်းသွားသည်။ ဒါက ကွင်းလမ်း ပဲ ဟုဆိုသည်။ “ကွင်းလမ်း” ဟု အလွယ်လေးခေါ်သော်လည်း ဆယ်မိုင်ခရီးကွင်းပင် နှစ်နာရီနီးပါးကြာမြင့်နိုင်သည်။ တိုက်ပွဲဖြစ်လို့ ခတ္တကွင်းသွားကြသည် ဟုဆိုနိုင်သော်လည်း အခုကွင်းလမ်းများက တိုက်ပွဲမဖြစ်ပွားသော်လည်း ကွင်း၍သွားခိုင်းကြသည်။ ဒေသကာကွယ်ရေးတပ်များ၏ ကွင်းလမ်းဟုဆိုကာ အမြန်လမ်းမကနေ ကျေးရွာတွေဆီဘက်ကို ပတ်ပြီး  လမ်းမကြီးပေါ်ပြန်သွားထွက်ရသည်။  ကွင်းလမ်းတစ်ခုကျော်ရလျှင် အလွန်ပင်ကြာသည်။ ကားသမားများက “ ကားလမ်းမောင်းနေတာမဟုတ် ၊ လှည်းလမ်းမောင်းနေတာ ၊ ဖုန်တလိပ်လိပ်နဲ့ ဘယ်အချိန်ဆိုက်မယ် မဆိုနှင့် ကွင်းလမ်းကျော်ဖို့တောင်အနိုင်နိုင်” ဟု ပြောဆိုနေကြသည်။ ကွင်းလမ်းများတွင်လည်း ကွင်းလမ်းအသုံးပြုခ ကောက်ခံကြသည့် ကာကွယ်ရေးတပ်ဖွဲ့များရှိသလို ၊ ကွင်းလမ်းလိုက်လံပြသပေးခ ဟုဆိုပြီး ငွေကြေးပေးရသည့် အဖွဲ့များလည်းရှိသည်။ ကံကောင်းသည့်နေ့ရက်များတွင် ကွင်းလမ်းတစ်ခုသာ ဖြတ်ကျော်ရပြီး တချို့ရက်များတွင် ကွင်းလမ်းသုံးခုထက်မနည်းဖြတ်ကျော်ရသည်။ ကွင်းလမ်းတွင်တစ်ည ကြာသည့် အတွေ့အကြုံများသည်လည်း ကြိမ်ဖန်များစွာပင်ဖြစ်သည်။ ကွင်းလမ်းတွင် စားစရာသောက်စရာများလည်း ရောင်းချကြသည်။သို့သော်လည်း စျေးက ခေါင်ခိုက်လွန်းသည်။ စျေးနှုန်းမြင့်လွန်းလို့ ခရီးသွားများ မဆိုထားနှင့် ကားသမားများပင် မဝယ်စားနိုင်၍ ကိုယ်တိုင်ချက်ပြုတ်စားသောက်ကြသည်။ကွင်းလမ်းတစ်ခုဆုံးသော တစ်ညနေက စောင်းနေပြီ ။ ည ၆ နာရီထိုးလျှင် ကားသမားများက ရောက်သည့်နေရာတွင်ရပ်ပြီး မိုးလင်းမှခရီးဆက်ကြရသည်။ တစ်ခါတစ်ရံကွင်းလမ်းထဲမှာပင် တစ်ညကြာသွားတတ်သေးသည်။ အခုက တောင်ပုံရွာမှာ ခရီးနားပြီး နောက်တစ်ရက်မှ ခရီးဆက်ရမည်ဖြစ်သည််။ မိုးကစင်စင်လင်းပြီး စျေးသည်များပင် ဆူညံနေသည်။ ကားများလည်း တန်းစီလျက် အထက်ပိုင်းခရီးဆက်ဖို့ထပ်ပြင်ဆင်ကြသည်။ လမ်းခရီးအားဖြင့် တစ်မနက်ခရီးဆိုလျှင် မိုးညှင်းမြို့ကိုရောက်နိုင်သော်လည်း အခုက မည်သို့မျှမရောက်နိုင်ချေဟု ခန့်မှန်းမိလိုက်သည်။ နာမည်ကျော်သည့် မဲဇာတောင်ကြောကြီးကို ဖြတ်ကျော်နေသည့် ခရီးသည်တင်ယာဉ် ၊ ကုန်တင်ယာဉ်များကလည်း ရာနှင့်ချီပင်ဖြစ်သည်။ တစ်ယောက်တစ်လှည့် ၊ တွန်းကူ ၊ ဆွဲကူသူများဖြင့် မဲဇာတောင်ခရီးကစည်ကားလွန်းလှသည်။ မဲဇာတောင်ကျော်ပြီးသည်နှင့် လမ်းမအတိုင်းထပ်ပြီး ဆက်မသွားနိုင် တော့ပေ။ အင်းတော်မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေမှုကြောင့် လနှင့်ချီကြာ ဗျူဟာလမ်းပိုင်းပိတ်ဆို့ထားလိုက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များရဲ့ကွင်းလမ်းကို ထပ်မံအသုံးပြုရသည်။ မဲဇာ-အင်းတော်-မော်လူး ခရီးစဉ်ဟာ မဲဇာ- မန်လည်- နန့်သာ-မော်လူး စသည်ဖြင့် ကျေးရွာတွေဆီဘက်ကို ကွင်းပြီးမှ သွားလာရတော့သည်။ ကျေးရွာချင်းဆက်လမ်းပေါ် ကားရာနှင့်ချီနေ့စဉ်ဖြတ်ကူးနေရခြင်းကြောင့် ဆိုးလွန်းလှသည့် လမ်းဟုပင် မှတ်ချက်ပြုကြသည်။ ကျေးရွာတစ်ခုဝင် ၊ ကွေ့လိုက်ပတ်လိုက် လယ်ကွင်းလမ်းများဖြတ်လိုက်ဖြင့်  NUG သိမ်းပိုက်ထားသည့် မော်လူးမြို့ကိုရောက်ချေပြီ။​ မော်လူးမြို့ပြီးလျှင် နန့်စီးအောင်ဆိုသည့် စစ်ကိုင်း-ကချင်နယ်စပ်က ကျေးရွာကို ရောက်ပြီဖြစ်သည်။ နန့်စီးအောင်ရောက်လျှင် ကွင်းလမ်းမရှိ၊ ဖြောင့်ဖြူးညီညာတဲ့ လမ်းတွေနဲ့ အထက်ပိုင်းဒေသကို ရောက်လာခဲ့ပြီဖြစ်သည်။ “ကွင်းလမ်းမှာ တစ်ည ၊ သုံးပေတစ်ဂိတ်” လမ်းတွေဟာလည်း နန့်စီးအောင်ဂိတ်ပြီးလျှင် ပြီးဆုံးသွားပြီး ၊ ကချင်ပြည်နယ်အတွင်းမှာက တစ်မြို့သုံးဂိတ်ဖြင့် လမ်းခရီးကို စောင့်ကြိုနေပါတော့သည်။

Leave a Reply

Your email address will not be published. Required fields are marked *