ဇူလိုင် ၃ ၊ ဟိုပင်
မိုးညှင်းမြို့နယ် ဟိုပင်မြို့ရှိ ရပ်ကွက်များမှာ ယနေ့ ဇူလိုင်လ ၃ ရက်နေ့မနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး တစ်ချို့သောရပ်ကွက်တွေအတွင်း ရေနစ်မြှုပ်နေတယ်လို့ ဟိုပင်မြို့ဒေသခံများထံမှ သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းပြီး ဟိုပင်မြို့ သရက်ချောင်းနှင့် နန့်ရင်းချောင်းအတွင်းရေကြီးရေလျှံမှုကြောင့် ချောင်းအနီးရှိ ရပ်ကွက်အတွင်းရေများဝင်ရောက်နေတာလည်း ဖြစ်ပါတယ်။
“ ရေတအားပါတာ ဒီတစ်ခေါက်မိုးက မနက်ကတည်းကခုထိ ဆက်တိုက်ရွာနေတုန်း မနက်၅ နာရီကျော် ကျနော်ထချိန် မိုးကတော်တော်ရွာနှင့်နေပြီ” ဟု ဟိုပင်မြို့ပေါ်နေ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဟိုပင်မြို့အတွင်းရှိ မြို့ပေါ်အလယ်ရပ်ကွက်များဖြစ်တဲ့ ဘူတာလမ်း၊အောင်နန်းရပ်ကွက်၊မြို့မမြောက်၊ မြဇေယာရပ်ကွက် မြေနိမ့်ပိုင်းများတွင် ရေများဝင်ရောက်နေတာလည်း ဖြစ်ပါတယ်။
“ မိုးသာရပ်သွားမယ်ဆိုရင် သရက်ချောင်းရေကလည်း ဆက်မကြီးလောက်ဘူး အခုကမိုးက ဟိုးဘက်ရွာသစ်ကြီးဘက်ကနေရွာတော့ တအားသည်းတယ် ဆက်ရွာနေမယ်ဆိုဆက်ကြီးမယ် ရပ်သွားမယ််ဆိုချောင်းရေလျော့သွားမှာပါ’ ဟု မြဇေယျာရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက ဆိုပါတယ်။
မနက်ခင်းအစောပိုင်းမှစတင် စုံစမ်းမေးမြန်းနေသည့် နေ့လည်(၁၁)နာရီခွဲအချိန်ထိ မိုးဆက်လက်ရွာသွန်းနေတာဖြစ်ပြီး အနည်းငယ်စဲသွားသော်လည်း မိုးရပ်တန့်သွားခြင်းမရှိသေးကြောင်း သိရပါတယ်။
ဟိုပင်မြို့မှာ ယခုနှစ်ရေကြီးရေလျှံမှုက ပြီးခဲ့သည့်နှစ်များထက် ရေပိုကြီးတယ်လို့ ဒေသခံများက ပြောဆိုနေကြပါတယ်။