ဇူလိုင် ၂၇ ၊ ဟိုပင်
မိုးညှင်းမြို့နယ် ၊ ဟိုပင်မြို့ပေါ်တွင် ဇူလိုင်လ၂၇ ရက်နေ့ မနက်ပိုင်းအချိန်မှာ မိုးသည်းထန်စွာရွာသွန်းပြီး သရက်ချောင်းရေကြီးရေလျှံမှုဖြစ်ကာ ချောင်းအနီးရှိ ရပ်ကွက်များသို့ ရေအများအပြားဝင်ရောက်နစ်မြှုပ်နေသည်ဟု ဒေသခံများထံမှ သိရပါတယ် ။
“ ရေကအတော်ကြီးတယ် တံတားတောင် တစ်ပေလောက်လေးပဲမြှုပ်ဖို့ကျန်တာ ကုလားကုန်းဟိုဖက်ဆို အိမ်တောင်ပါသွားတယ်တဲ့ အိမ်သေးလေးပေါ့ ပြောနေကြေတာ ဦးတို့တော့မမြင်လိုက်ရဘူး ဆိုင်ကယ်ပါ ကားတစ်စီးရယ် မျှောပါလာတယ်ပြောတယ်” ဟိုပင်ဒေသခံ ရှမ်းနီတစ်ဦးက ပြောပြပါတယ်။
သရက်ချောင်းအနီးရှိ မြဇေယျာရပ်ကွက် ကုလားကုန်း ၊ မြဇေယျာအောက်ချိုင့်၊ မြို့မမြောက်အောက်ချိုင့်၊ အောင်နန်းအောက်ချိုင့် စသည့်ရပ်ကွက်များရှိ နေအိမ်အတွင်း ရေနစ်မြှုပ်နေတယ်လို့ သိရပါတယ်။
ရေကြီးရေလျှံမှုကြောင့် အသုံးအဆောင်ပစ္စည်းများ ရေနှင့်အတူ မျှောပါသွားမှုတွေလည်းရှိနေကာ တစ်ချို့ရပ်ကွက်များတွင် ရင်ဘတ်ထိရေနစ်မြှုပ်ကာ တစ်ချို့သောရပ်ကွက်များတွင် ပေါင်လယ်ထိ ရှိနေကြောင်း ရပ်ကွက်တွင်းနေထိုင်သူများက ဆိုကြပါတယ်။
ဒီလိုရေကြီးမှုတွေကြောင့် ရေမရောက်နိုင်တဲ့ အမြင့်ပိုင်းနေရာများသို့ ယာယီရွှေ့ပြောင်းမှုများလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
“ မိုးကအရမ်းရွာတာ မိုးရေကနန့်မွန်းဘက်ကနေထားတာလေ နန့်မွန်းမှာလဲ ရေကြီးနေတယ်ပြောတယ်လေ ပြောရရင်တော့ရေဝေရေလဲဆိုတော့ ဟိုဘက်တောင်ပေါ်ကရွာခဲ့ရင် ဒီဘက်လဲရေကကျလာတယ်လေ အခုကတော့ ဖြေးဖြေးချင်းပြန်ကျနေတယ် ရေက” ဟု ၎င်းက ဆက်ပြောပြပါတယ်။
တစ်ရက်တည်းမှာပင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာလည်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ဟု သိရပါတယ်။
ဟိုပင်မြို့တွင် ယခုဇူလိုင်လအတွင်းမှာပင် ရေကြီးရေလျှံဖြစ်ပွားမှုက နှစ်ကြိမ်ရှိပြီဖြစ်ပြီး လအစပိုင်းမှာ တစ်ကြိမ်ဖြစ်ပွားခဲ့ကာ ယခုဒုတိယအကြိမ်က ရေဝင်ရောက်မှု ပိုမိုများပြားကာ ဆိုးဝါးတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။