ဇူလိုင် ၄ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်က ကျေးလက်နဲ့ ရွှေမှော်တွေမှာ အသုံးပြုနေတဲ့ စက်သုံးဆီစျေးက တစ်ဂါလံကို တသောင်းခွဲကနေ စျေးပြန်မကျသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။
“ ဟုမ္မလင်းမြို့ပေါ်မှာကတော့ တစ်ဗူးကို သုံးထောင့်ခုနှစ်ရာ သုံးထောင့်ရှစ်ရာ ၊ ကျွန်တော်တို့ရွာမှာကတော့ တစ်ဗူးကို ငါးထောင် ၊ အခု ခါတိုင်းဟိုသွားဒီသွား လေးထောင်လောက်ပဲကုန်တာ အခုကတစ်သောင်းမှရတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စက်သုံးဆီစျေးနှုန်းတွေမြင့်တက်မှုက ဆီအဝင်နည်းတာကြောင့်အပြင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် သယ်ယူရေးခက်ခဲနေတယ်လို့ သိရပါတယ်။
ထောင်နဲ့ချီတဲ့ ရွှေမျှောတွေကလည်း နေ့စဉ် ဆီဂါလံပေါင်းများစွာကို အသုံးပြုနေရပြီး ဆီဝယ်လိုအားများပေမယ့် ဆီသယ်ယူရေးက စိန်ခေါ်မှုတွေလည်းရှိနေတယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
ရွှေမှော်တွေမှာ စက်သုံးဆီစျေးက တစ်ပေပါကို ၇ သိန်းကနေ ၈ သိန်းအထိပေးဝယ်နေရပြီး လုပ်ငန်းကို လည်ပတ်နေတယ်လို့ဆိုပါတယ်။
စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ စက်သုံးဆီစျေးနှုန်းတွေကတော့ တစ်လီတာကို နှစ်ထောင်ကျော်ရှိပြီး တစ်ပေပါလေးသိန်းဝန်းကျင်သာရှိနေတာလည်းဖြစ်ပါတယ်။
ဒေသခံတွေကတော့ စစ်ကောင်စီက ထုတ်ပြန်တဲ့ စက်သုံးဆီစျေးနှုန်းအကြောင်းအရာကိုမသိကြပဲ စက်သုံးဆီ လုပ်ငန်းရှင်တွေက ရောင်းချတဲ့စျေးတွေအတိုင်းသာဝယ်ယူသုံးစွဲနေကြတယ်လို့ ပြောဆိုကြပါတယ်။
စစ်ကောင်စီဘက်က ဒီလိုစျေးနှုန်းမြင့်တက်နေတာကိုလည်း ကမ္ဘာ့ဆီစျေးနှုန်းမြင့်တက်မှုကြောင့်လို့ဆိုပြီး ပြည်တွင်းသုံးစွဲဖို့နဲ့ အရံဆီအတွက်ပါ လုံလုံလောက်လောက်ရှိနေတယ်လို့ ဇူလိုင် ၁ ရက် သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။