ဇူလိုင် ၁၈ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်အတွင်းမှာ ဇူလိုင်လ ဒုတိယအပတ်ထဲမှာ ရာသီဥတုအပူချိန်မြင့်တက်လာမှုတွေကြောင့် ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသတွေမှာ ကလေးငယ်များနဲ့ အမျိုးသမီးများ ဖျားနာမှုတွေမြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
“ အခုဆို ရွာထဲမှာ ကလေးတွေအများကြီးဖျားကြတယ်။ ဖျားတာကလည်း ပုံစံတူတွေကြီးပဲ၊ ချောင်းဆို ၊နာစေး ၊ကိုဗစ်လက္ခဏာလား ၊ ရာသီတုတ်ကွေးလာကို မကွဲတတ်တော့ဘူး၊ ဆေးခန်းမရှိတော့ ဆိုးတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ကျေးလက်ဒေသတစ်ခုဖြစ်တဲ့ ထုံမာတဲကျေးရွာမှာ ဆေးပေးခန်းတွေရှိပေမယ့်လည်း ကျန်းမာရေးဆရာ/မတွေမရှိတာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့လည်းဆိုကြပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ ဒီရက်ပိုင်းအပူချိန်က စံချိန်သစ်တစ်ခုထိမြင့်တက်လာမှုတွေကြောင့် အပူလွန်ကဲပြီး ဖျားနာမှုတွေဖြစ်တာလို့ လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။
မိုးရာသီဖြစ်တာကြောင့် ရာသီတုတ်ကွေး ၊ သွေးလွန်တုတ်ကွေးနဲ့ တခြားဝမ်းပျက်ဝမ်းလျောရောဂါတွေဖြစ်ပွားလာမှာကိုလည်း စိုးရိမ်တယ်လို့ ပြောဆိုကြပါတယ်။
၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ဟုမ္မလင်းမြို့ကျေးလက်ဒေသတွေကို ရှမ်းနီအသံက စုံစမ်းမေးမြန်းခဲ့ရတဲ့ သတင်းအချက်အလက်အရ အများစုက ကိုဗစ်လက္ခဏာကဲ့သို့ ဖျားနာမှုတွေ ရွာလုံးကျွတ်ဖြစ်ပေါ်ခဲ့မှုလည်းရှိခဲ့ပါတယ်။
ဟုမ္မလင်းမြို့နယ်ရဲ့ ၂၀၁၉ ခုနှစ်စာရင်းတွေအရ ကျေးလက်ကျန်းမာရေးဌာန ၈၀ ကျော်ရှိပေမယ့် ကျေးလက်ကျန်းမာရေးမှူးတွေက ၁၁ ဦးတာရှိတယ်လို့ ဆိုထားပါတယ်။