
ဇန်နဝါရီ ၇ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေထဲက အနိုင်ရရှိသူတချို့ကို မနေ့က ကြေညာလာပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းမှာ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ(SSP) /ကျားမင်းပါတီ ရဲ့ လွှတ်တော်ကိုယ်စားလှယ်များဖြစ်တဲ့ ဦးစိုင်းနိုင်နိုင်ကျော်နဲ့ ဦးစိုင်းစံလှမိုးတို့ (၂)ဦး ရွေးကောက်တင်မြှောက်ခံရကြောင်း စစ်ကော်မရှင်မှ ထုတ်ပြန်လာတာပါ။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဦးစိုင်းနိုင်နိုင်ကျော်နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးစိုင်းစံလှမိုးတို့(၂)ဦးကို အနိုင်ရ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအဖြစ် တင်မြှောက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲအပိုင်း(၁)မှာ ပါဝင်ခဲ့တဲ့ ဟုမ္မလင်းမြို့နယ်အတွင်းမှာ ရှမ်းနီပါတီဖြစ်သော ကျားမင်းပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် ( ပြည်နယ်လွှတ်တော်) နိုင်သူအကုန်ယူစနစ်(FPTP) မှာ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ကျားမင်းပါတီဥက္ကဖြစ်တဲ့ ဦးစိုင်းနိုင်နိုင်ကျော်က ကြိုတင်မဲအရေအတွက် (၇၇၆)အပါအဝင် မဲအရေအတွက်စုစုပေါင်း (၁၆၅၂၂)မဲ ရရှိခဲ့ကာ မဲရရှိမှုရာခိုင်နှုန်း(၅၁)ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်းအများဆုံး အနိုင်ရရှိခဲ့တာပါ။
နောက်ထပ် ဦးစိုင်းစံလှမိုးက ကြိုတင်မဲ (၆၅၉)မဲအပါအဝင် မဲအရေအတွက်စုစုပေါင်း( ၁၅၂၁၆)မဲဖြင့် မဲရရှိမှု(၄၇ )ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းကို တစ်နိုင်ငံလုံးမှာဝင်ရောက်ယှဉ်ပြိုင်တဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီက မဲရာခိုင်နှုန်း(၃၆)ရာခိုင်နှုန်းကျော်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်းကို ရွေးကောက်ပွဲကော်မရှင်ရဲ့ ပါတီအသီးသီးရဲ့မဲစာရင်းများ ထုတ်ပြန်ခဲ့မှုအရ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ မဲပေးခဲ့တဲ့ ရှမ်းတိုင်းရင်းသားရေးရာ နဲ့ အမျိုးသားလွှတ်တော်နေရာတွေအတွက်က စစ်ကိုင်းတိုင်းထဲမှာ ထပ်မံကျင်းပမယ့် မဲဆန္ဒနယ်တွေမှာ ယှဉ်ပြိုင်ကြရအုံးမှာလည်းဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင် (UEC)ရဲ့ ရွေးကောက်ပွဲအပိုင်း(၁) မဲရလဒ်တွေ ထုတ်ပြန်ခဲ့မှုထဲ မဲဆန္ဒနယ်အကုန်လုံးမှာ ကြံ့ခိုင်ရေးပါတီက မဲဆန္ဒနယ်အများဆုံးအနိုင်ရရှိထားတာကို တွေ့ရပါတယ်။
