ဟုမ္မလင်းမြို့နယ်တွင် ဆန်စျေးနှုန်းများဆက်လက်မြင့်တက်နေပြီးအခြေခံလူတန်းစားများအခက်ကြုံ

ဩဂုတ်၂၂ဟုမ္မလင်း 

ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာအုပ်စုအပါအဝင် တခြားသောကျေးရွာတွေမှာ  ဆန်ဈေးနှုန်းများ  ဆက်လက်မြင့်တက်နေလို့ အခြေခံလူတန်းစားတွေ အခက်ခဲကြုံနေရပါတယ်။

  ဟုမ္မလင်းမြို့နယ်မှာ ဒေသခံတွေက ဒေသတွင်းကအခေါ်  ရှမ်းဆန်များကိုသာ အဓိကစားသုံးနေကြရပေမယ့် မြို့နယ်တွင်းလူဦးရေနှင့် ရွေ့ပြောင်းရွှေလုပ်သားများဦးရေအရ ဆန်လုံလောက်မှုမရှိလို့ အခြားမြို့နယ်တွေဆီက မှာယူတင်သွင်းနေရတာလည်းဖြစ်ပါတယ်။ 

ဟုမ္မလင်းမြို့နယ်ကို တင်သွင်းတဲ့ ဆန်တွေဖြစ်တဲ့ ပေါ်ဆန်းမွှေးဆန် တစ်ပြည် ၇၅၀၀ ကျပ်အထိ စျေးမြင့်တက်လာသလို လုံးသွယ်မွှေးဆန်က ၇၀၀၀ ထိဈေးပေါက်နေရှိနေတာလည်းဖြစ်ပါတယ်။ 

၂၄ ပြည်ဆန်တစ်အိတ်က  တစ်သိန်းခွဲကျော်အထိမြင့်တက်လာပြီး အခြေခံမိသားစုများအတွက် စားဝတ်နေရေးပါခက်ခဲကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ 

  “ ကုန်စျေးနှုန်းကတော့ ရှယ်ပဲ ၊ တချို့လည်း ဒီကဟာတွေပဲ ပေါ်ဆန်းမွေးတစ်ပြည်ကို ၇၅၀၀ ၊ လုံးသွယ်မွေးက ၇၀၀၀ ၊​ စားဆီက တစ်ပိဿာတစ်သောင်းနှစ်ထောင် ၊ စားအုံးဆီကိုပြောတာနော်” လို့ နမ့်တော ဒေသခံတစ်ဦးပြောပါတယ်။ 

ကုန်ဈေးနှုန်းတက်ရတဲ့အကြောင်းရင်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ဒေသတွင်းတိုက်ပွဲတွေကြောင့် အပါဝင် နှစ်သောင်းတန် ငွေ၏ ရိုက်ခတ်မှုတွေလဲ ပါဝင်တာကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

“ ဒီလိုပဲ ဘယ်တတ်နိုင်မလဲ ၊ သူတို့က အရွက်ကြီးတွေထုတ်တာကိုး ၊ တန်ဖိုးက ကြီးလာတာလည်းမဟုတ်ဘူး ၊ နဂိုကတည်းက သူတို့ကပွနေတာကြာပြီလေ။ သူတို့လည်း နှစ်သောင်းတန်ထုတ်လိုက်တော့ နှစ်ရွက်အစားတစ်ရွက်ဖြစ်တော့တာပါ့”  လို့ ဟုမ္မလင်းမြို့ပေါ် တစ်ဦးက သုံးသပ်ပါတယ်။ 

နှစ်စဉ် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လေ့ရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ရှမ်းနီဒေသတွင်းတွေမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း  စစ်ဘေးစစ်ဒဏ်များအပါအဝင် ၊ လမ်းပန်းဆက်သွယ်ရေးအခက်ခဲတွေကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုပါ ကြုံတွေခံစားနေကြရတာလည်းဖြစ်ပြီး   ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို  လိုလားကြကြောင်း ဒေသခံများရဲ့ ပြောဆိုချက်အရသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *