
ဇူလိုင် ၁၁ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ ချင်းတွင်းမြစ်ရေနဲ့ ဥရုချောင်းရေဟာ ရေကြီးရေလျှံဖြစ်နေတာကြောင့် စက်လှေခစျေးနှုန်းတွေဟာ မြင့်တက်လာတယ်လို့ ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါတယ်။
ဟွန်ဒါအင်ဂျင်သုံးစက်လှေတွေရဲ့ စျေးနှုန်းတွေဟဟုမ္မလင်းမြို့ကနေ ဥရုချောင်းရိုးတစ်လျှောက်ရှိ နောင်ပူအောင်ကျေးရွာ ကို ကျပ် တစ်သိန်းတစ်သောင်း ၊ နမ့်တောကျေးရွာကို ကျပ်တစ်သိန်းနှစ်သောင်းကျပ် အထိရှိနေတယ်လို့ သိရပါတယ်။
“ ဟဲခမ်းနဲ့ ဟုမ္မလင်းစက်လှေခက ၁၁၀၀၀၀၊ နမ့်တောနဲ့ ဟုမ္မလင်း ၁၂၀၀၀၀၊ မောင်းခမ်းနဲ့ဟုမ္မလင်းက ၁၃၀၀၀ အရင်ဆိုလျှင် ၇၀၀၀၊ ၈၀၀၀ ပဲ ဈေးသိပ်မတက်ဘူး။ ခန္တီးဘက်လည်း ၄၀၀၀၀ တဲ့။ ဖောင်းပြင်နဲ့ ဟုမ္မလင်း တစ်ယောက်ကို ၁၀၀၀၀၀ လို့ပြောတယ်။ ငါတို့ဥရုချောင်းဘက်ပဲ ဈေးကြီးနေတာ ဒီဘက်ဈေးမကြီးဘူး” လို့ဆိုပါတယ်။
အခုလို စက်လှေစျေးနှုန်းမြင့်တက်ရတာဟာ စက်သုံးဆီစျေးနှုန်းမြင့်တက်မှုတွေကြောင့်လည်း ပါဝင်ပြီး ဒီနေ့ဇူလိုင်လ ၁၁ ရက်နေ့မှာ ၉၂ တစ်လီတာ ကျပ် တစ်သောင်းခုနှစ်ထောင်အထိမြင့်တက်နေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဥရုချောင်းအတွင်း ရွှေမျှောများလုပ်ကိုင်ထားမှုတွေကြောင့် ရေစီးသန်ပြီး ရေလမ်းကြောင်းအခက်အခဲတွေကြောင့် စက်လှေမောင်းသူတွေဟာ စျေးပိုတောင်းကြတာလည်းဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ရေကစီးမှာပါ့ မျှောတွေတိုက်ထားကို မြေစာပုံတွေက တစ်ပုံပြီးတစ်ပုံချည်းကို မျှောမြေစာပုံတွေမှာ ရေစီးသန်ပြီး ဟတ် ပုံစံလိုနေတယ်။ ဥရုချောင်းကနေ မလာတော့ဘူး မြောက်ကုန်း ညောင်ပင်သာ ရေလဲ ဘက်တွေ တောတွေမြိုင်တွေဘက်ကို ဟိုဖြတ်ဖြတ်ပြီးလာခဲ့ရတယ်လိုပြောတယ်” လို့ ရေလမ်းခရီးအခြေအနေကို ဒေသခံတစ်ဦးကပြောပြပါတယ်။
ဟုမ္မလင်းမြို့ကနေ နမ့်တော ၊ နောင်ပိုအောင် ကျေးရွာတွေကို ရေကြီးရေလျှံမှုမဖြစ်ပွားခင်က ကားလမ်းခရီးဖြင့်သာ သွားလာနေကြတာလည်းဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ ရေကြီးရေလျှံမှု တစ်ပတ်ကျော်ကြာမြင့်လာပြီး မြို့နယ်အတွင်း ကုန်းလမ်းခရီးသွားလာမှုအားလုံး ရေနစ်မြှုပ်နေကာ ရေလမ်းခရီးဖြင့်သာ သွားလာနေကြရတာလည်းဖြစ်ပါတယ်။