ဟုမ္မလင်းမြို့နယ်ရှိ ရှမ်းနီစစ်ဘေးရှောင်များအတွက် ရှမ်းသံဃာများစုပေါင်းလှူဒါန်း

ဇန်နဝါရီ ၂ ၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရှမ်းနီစစ်ဘေးရှောင်များကို ရှမ်းသံဃာတော်များနှင့် အလှူရှင်များက ဇန်နဝါရီလ ၁ ရက်နေ့မှာ စုပေါင်းပြီးလှူဒါန်းခဲ့ကြတယ်လို့သိရပါတယ်။

“ ကျိုင်းတုံသံဃာတွေနှင့် ဒါကာ ဒါကာမတွေ လှူခဲ့တာကို ပထမကတော့ ဦးပဥ္စင်းက Kpayနဲ့ လွဲလိုက်မလို့ ဟုမ္မလင်းဘက်ကို ဆက်သွယ်တာမရတဲ့အခါကျတော့ ကိုယ်တိုင်သွားပြီးတော့ ကိုယ်စား သွားလှူပေးတာ။ ရွှေပြည်တော်ဆုံမှတ်ကတော့ အဝတ်အစားတွေ လှူပေးတယ်။” လို့ အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းခဲ့သည့် အရှင်ဓမ္မာလောကလင်္ကာရ(အလင်းရှင်ဗန်းမောက်)က မိန့်ကြားပါတယ်။

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်သျှမ်းသံဃာတော်များနှင့် သျှမ်းဒါယကာ/မများက ကျပ်သိန်းသုံးဆယ် နှင့် ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းက ကျား/မ ဝတ်စုံ (အမျိုးစုံ) ပီနံအိတ်သုံးအိတ်သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်း စစ်ဘေးရှောင် နှစ်ထောင်ကျော်ရှိနေပြီး တစ်ရက်ကျွေးမွေးမှုကုန်ကျစရိတ်က သိန်းသုံးဆယ်ကျော်ကုန်ကျပြီး လက်ရှိမှာ အကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူများကဆိုပါတယ်။

“ စားရတာ ကြပ်တည်းလာနေတယ်၊ သူတို့ကိုယ်တိုင် စားသောက်ရေး အဆင်မပြေမှုတွေရှိလာနေတယ်။ နေ့စဉ်အခင်းထဲ အသီးအရွက်ခူးထွက် အလှူခံနေရတယ်” လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကဆိုပါတယ်။

NUG သိမ်းပိုက်ထားသည့် ရွှေပြည်အေးမြို့မှ ၃၂၄ ၊ သဝန်တိုက်နယ်မှ ၆၇ ဦး ၊ ဖောင်းပြည်မြို့နှင့် နောင်ပူအောင်ကျေးရွာမှ ၆၈ ဦး ၊ မယ်ဇလီ၊ဇီးပင်သာ၊နောင်ဆန်းကျင်ရွာမှာ ၂၈၈ ဦး ၊ မြင်သာ နှင့် ငိုးပင်းရွာမှ ၃၄၂ ဦး ၊ လွင်ကြီးမှ ၁၉၃ ဦး စုစုပေါင်း ၂၃၆၀ ဦး တို့ဟာ ဟုမ္မလင်းမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများရဲ့ စာရင်းများအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *