စခန်းသိမ်းနိုင်ခြင်းမရှိဟုဆိို
နိုဝင်ဘာ ၉ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ် လွှစင်ကုန်းကျေးရွာမှာ ရှမ်းနီအမျိုးသားများ တပ်မတော် SNA ကို ပြည်သူ့ကာကွယ်ရေးတပ် PDF မဟာမိတ်တပ်ဖွဲ့ တို့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက စပြီး နိုဝင်ဘာလ ၉ ရက်နေ့မနက်ပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရပါတယ်။
လွှစင်ကုန်းကျေးရွာအနီး တပ်စွဲထားတဲ့ SNA စခန်းကို ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် HPDF အဖွဲ့က တိုက်ခိုက်ရာကနေတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
ဒီနေ့ နိုဝင်ဘာလ (၉)ရက်နေ့မှာ တိုက်ပွဲပြန်တည်ငြိမ်စပြုလာပြီး စခန်းသိမ်းမှုတွေမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ အခုက တိုက်ပွဲကပြင်းထန်လားဆိုတော့ ပြင်းထန်တယ်။ စခန်းကျတာတွေတော့မရှိသေးဘူး။ အခုတော့ လက်နက်အသေးတွေပစ်သံပဲကြားရတော့တယ်” လို့ နောင်ပူအောင် ဒေသခံတစ်ဦးက ပြောပါတယ်။
လွှစင်ကုန်းကျေးရွာစခန်းသည် နောင်ပိုအောင် – ဟုမ္မလင်းလမ်းပိုင်းအတွက် အရေးပါသော စခန်းတစ်ခုဖြစ်ပြီး ဟုမ္မလင်းမြို့ကာကွယ်ရေးအတွက် အရေးပါသော နေရာတစ်ခုလည်း ဖြစ်သည်။
စစ်ကောင်စီတပ်ကလည်း နိုဝင်ဘာလ ၈ ရက် ယနေ့နံနက် ၉ နာရီအချိန်က ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံး လာချကြောင်းလည်း သိရသည်။
လွှစင်ကုန်းတိုက်ပွဲကို KIA၊ ခန္တီးခရိုင်အမှတ်(၁)တပ်ရင်း ၊ HPDF -124 တပ်ရင်း ၊ HPDF – မိုးကြိုးတပ်ဖွဲ့ ၊ ဟုမ္မလင်းမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ဟုမ္မလင်း-ပလဖ)တို့ ပါဝင်ကြကြောင်းသိရပါတယ်။
တိုက်ပွဲ ဖြစ်စဥ်နှင့် ပတ်သက်၍ နှစ်ဖက် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၇ ရက်နေ့မှ စပြီး နိုဝင်ဘာလ ၁၃ ရက်နေ့အထိ နောင်ပိုအောင် – လွှစင်ကုန်း – အောင်ပင်လမ်းပိုင်း၊ နောင်ပိုအောင် – အထက်အော်သော် – ခုံတန်း လမ်းပိုင်းများကို (လုံးဝ)အသုံးမပြုကြပါရန် HPDF 124 က ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိူင်လ ၂၀ ရက်နေ့မှာလည်း လွှစင်ကုန်းကျေးရွာကို PDF မဟာမိတ် များက တိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။