ဟုမ္မလင်းမြို့နယ်အတွင်းကုန်စည်နှင့်စက်သုံးဆီတချို့ပြန်ဝင်

ဇန်နဝါရီ ၁၁ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင်း တော်လှန်ရေးအင်အားစုများက ပိတ်ပင်ထားတဲ့  ကုန်စည်များနှင့် စက်သုံးဆီကားများကို အခုရက်ပိုင်းမှာ  လမ်းပိုင်းတချို့ပြန်ဖွင့်ပေးခဲ့ပြီး ကုန်စည်တွေပြန်ဝင်လာကြောင်း ဒေသခံများထံမှ သိရပါတယ်။ 

“ ကုန်းလမ်းရော ရေလမ်းရော သူတို့ထိန်းထားတာ ပိတ်ထားတာ‌လေ ခုတော့ ပြန်ဖွင့်ပေးခဲ့ပြန်တော့ ဝင်လာကြပြန်ပီ”    လို့ ဟုမ္မလင်းဒေသခံ ရွှေလုပ်ငန်းရှင်တစ်ဦးကပြောဆိုပါတယ်။ 

လမ်းပိုင်းပိတ်ပင်ထားမှုတွေကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ဒေသခံများက ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။ 

ဟုမ္မလင်းမြို့နယ် ကုန်းလမ်းဆက်သွယ်ရေးဝင်ပေါက်ဖြစ်တဲ့  ဖောင်းပြင်မြို့နယ် လွင်ကြီးကျေးရွာ၊ ဟုမ္မလင်းမြို့နယ်  နမ့်နန်းကျေးရွာအုပ်စု တွေမှာ  တော်လှန်ရေးအင်အားစုအဖွဲ့များက ကန့်သတ်စစ်ဆေးပိတ်ဆို့မှုတွေများ၊ အခွန်ကောက်ယူမှု များပြားခြင်းကြောင့် ကုန်ပစ္စည်းတွေ လိုသလောက်မရရှိနိုင်ပဲ  ဈေးနှုန်းမြင့်တက်နေတာဖြစ်တယ်လို့ ၎င်းလုပ်ငန်းရှင်ကဆိုပါတယ်။ 

ကုန်စည်ပြန်ဝင်ခွင့်ရရှိခြင်းကြောင့် စက်သုံးဆီအပါအဝင် စားသောက်ကုန်စည် စျေးနှုန်းများအနည်းငယ်ပြန်လည်ကျဆင်းလာခဲ့တယ်လို့ ဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ 

“ ဆီဈေးတွေက ခုတော့နဲနဲ ပြန်ကျလာပြန်ပီ တစ်ပေပါ ၁၃ သိန်းခွဲ လောက်ရောက်လာပြန်ပီ အရင်က ၁၆ သိန်း ၁၇သိန်းရောက်သွားတယ်” လို့ ၎င်းကဆိုပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွင်းကို  တိုက်ပွဲများကြောင့် ကုန်စည်နှင့် စက်သုံးဆီဝင်ရောက်ခွင့်ပိတ်ပင်ထားမှုတွေဟာလည်း လနှင့်ချီကြာမြင့်နေပြီလည်းဖြစ်ပြီး လေကြောင်းကနေသာ ကုန်စည်များကိုသယ်ယူနေကြရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *