ဟုမ္မလင်းမြို့မှာတိတ်ဆိတ်ခြင်းသပိတ်ကိုစျေးသူစျေးသားများပါဝင်ဆင်နွဲမည်ဟုဆိုသော်လည်းခြိမ်းခြောက်မှုတချို့ရှိနေ

ဟုမ္မလင်းမြို့ စက်လှေဆိပ်မှ အဝင် Photo -ShanNi Voice

ဒီဇင်ဘာ ၉၊ဟုမ္မလင်း

ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် ပြုလုပ်ကြမယ့် တိတ်ဆိတ်ခြင်းသပိတ်ကို ဟုမ္မလင်းမြို့နယ်အတွင်းရှိ စျေးသူ/သားများက ပါဝင်ဆင်နွဲကြမည်ဟုဆိုသော်လည်း ခြိမ်းခြောက်မှုတချို့ရှိနေကြောင်း စုံစမ်းသိရှိရသည်။ 

“ စျေးပိတ်ကြမယ်ဆိုတာ မသေချားဘူး တချို့ကထွက်မယ်တချို့ကမထွက်ဘူးပြောနေကြတာ၊ ကျမကတော့ မထွက်တော့ဘူး၊ မထွက်တဲ့သူက ခပ်များများနေမှာ ကြည့်ရတာ၊ ကျမသိသလောက်တော့ ပိတ်မဲ့သူကများတယ်” ဟုမ္မလင်းမြို့မှ စျေးသည်တစ်ဦးက ရှမ်းနီအသံကိုပြောကြားသည်။ 

တိတ်ဆိတ်ခြင်းသပိတ်ကို ဟုမ္မလင်းမြို့နယ်တစ်ခုလုံးပါဝင်ကြဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က  နှိုးဆော်ထားပြီး မနက် ၁၀ နာရီမှ ညနေ (၄) နာရီအထိ နေအိမ်အပြင်မထွက်ကြဖို့ ၊ လမ်းမပေါ်သွားလာခြင်းမပြုလုပ်ဖို့ ပြောဆိုထားပါတယ်။ 

တစ်ဖက်မှာလည်း ဒီလိုစျေးဆိုင်တွေကို မူလအတိုင်းဖွင့်လှစ်ရောင်းချဖို့ ၊ ဆိုင်ပိတ်တဲ့သူတွေကို ဆိုင်အမည် ၊ ဆိုင်ပိုင်ရှင် နဲ့ သူဆွေမျိုးတွေကို မှတ်သားထားပြီး အရေးယူသွားမည်ဟုရေးသားထားသည့် ခြိမ်းခြောက်စာတွေကို ဖြန့်ဝေမှုတွေရှိတဲ့အကြောင်း  ချင်းတွင်း-ဥရု နွေဦးတော်လှန်ရေး ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားသည်။ 

ထိုစာမှာ ဆိုင်ပိတ်သူများကို စီးပွားရေးအာမ မခံကြောင်းနှင့်  သုတ်သင်ရှင်းလင်းမည်ဆိုသည်အထိ ရေးသားထားသည်။ 

မနက်ဖြန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိတ်ဆိတ်ခြင်းသပိတ်ကို မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိပြုလုပ်မည်ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စျေးဆိုင်များဖွင့်လှစ်ဖို့ အမျိုးမျိုးဖိအားပေးလျက်ရှိနေသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *