ဇန်နဝါရီ ၁၁ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် မြင်သာ-ရေလဲ ကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ မယ်ဇလီကျေးရွားက (၉) နှစ်အရွယ် စစ်ရှောင်အမျိုးသမီးငယ်တစ်ဦး ကျည်ဆံထိမှန်ကာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလ (၄) ရက်နေ့က မြင်သာ-ရေလဲကျေးရွာအနီးမှာ တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေချိန် အိမ်ပေါ်တက်ပြေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်ဟာ ကျည်ဆံထိမှန်ခဲ့တာလို့ ဒေသခံများထံမှသိရပါတယ်။
“တစ်ဖက်နဲ့တစ်ဖက်ပစ်နေကြတာဆိုတော့ဘယ်ဘက်ကလည်းသေချာမသိရမမြင်ရဘူး။အိမ်ပေါ်ပြေးတက်တဲ့အခါမှာထိသွားတာ။” လို့၎င်းနှင့်ဆွေမျိုးတော်စပ်သူတစ်ဦးကပြောပြပါတယ်။
၎င်းအမျိုးသမီးက ဘယ်ဘက်ပေါင်တွင် အရိုးထိအောင် ဒဏ်ရရှိခဲ့ခြင်းဖြစ်ပြီး ဟုမ္မလင်းမြို့ စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကာ အနည်းငယ်သက်သာလာပြီလို့ ၎င်းက ဆက်ပြောပါတယ်။
ဆေးကုသရာမှာလည်း လက်ရှိမှာလမ်းပြန်လျှောက်နိုင်သည့်အနေအထားမရှိသေးဘဲ ပြန်ထိုင်နိုင်ရုံလောက်သာ ရှိသေးတယ်လို့ သိရှိရပါတယ်။
“လောလောဆယ်တော့လမ်းမလျှောက်နိုင်သေးဘူး။အိပ်ထားရတယ်။နည်းနည်းလေးတော့ပြန်ထိုင်နိုင်ပြီ။” လို့သိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းက ခိုတောင်း ၊ မယ်ဇလီ၊ ရေလဲ စတဲ့ကျေးရွာတွေမှာ နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိနေပြီး အပြန်အလှန်ပစ်ခတ်မှုတွေလည်းဆက်ရှိနေကြောင်း သိရပါတယ်။