ဒီဇင်ဘာ ၁၅ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ် သဝန်တိုက်နယ် နားသကျိုက်ကျေးရွာအုပ်စုအနီး နမ့်ပန်ငါးချောင်း ရေအားလျှပ်စစ်စီမံကိန်းကို လာမယ့် နှစ်နှစ်အတွင်း အပြီးသတ် တည်ဆောက်သွားမယ်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောဆိုပါတယ်။
နမ့်ပန်ငါး ရေအားလျှပ်စစ်ဟာ တည်ဆောက်ပြီးစီးမှုအခြေအနေ ၄၂ ရာခိုင်နှုန်းကျော်ရှိထားပြီး လာမယ့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ အပြီးသတ် တည်ဆောက်သွားမယ်လို့ဆိုပါတယ်။
ဒီရေအားလျှပ်စစ် တပ်ဆင်အင်အား ၆ မီဂ္ဂဝပ် ထုတ်ပေးနိုင်မှာဖြစ်ပြီး နှစ်စဉ်ပျှမ်းမျှ ၃၄.၆၈ သန်း ကီလိုဝပ်နာရီ ထုတ်ပေးနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။
နမ့်ပန်ငါးချောင်းကို အမှီပြုနေထိုင်တဲ့ ကျေးရွာ ၁၂ ရွာရှိနေပြီး မိုးရာသီကာလမှာ မကြာခဏ ရေကြီးရေလျှံမှုဖြစ်ပွားမှုတွေကြောင့် ဒေသခံတွေက စိုးရိမ်မှုတွေရှိတဲ့ စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ကတော့ ဒီစီမံကိန်းအပြီးမှာ ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်ကူပြုမှာဖြစ်လို့ သတ်မှတ်ချိန်တွင်း ပြီးစီးဖို့ပြောဆိုသွားပါတယ်။
၎င်းနမ့်ပန်ငါး ရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံများက ကန့်ကွက်မှုတွေရှိနေသည့်ကြားက NLD အစိုးရလက်ထက်က တိုင်းဒေသကြီးရန်ပုံငွေ ၂၄ဘီလီယံ ကုန်ကျခံကာ တည်ဆောက် စတင်လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲက အိမ်ထောင်စု ၁၀ ရာခိုင်နှုန်းကသာ လျှပ်စစ်မီးကိုအသုံးပြုနေတာဖြစ်ပြီး ပုဂ္ဂလိက မီးစက်များ ၊ ဆိုလာစနစ်များဖြင့်သာ အဓိက ထားအသုံးပြုနေရကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စားရင်းအရ သိရပါတယ်။