ဟုမ္မလင်းလေယာဉ်လက်မှတ်များကိုအွန်လိုင်းမှလိမ်လည်ရောင်းချမှုတွေရှိနေ

နိုဝင်ဘာ ၁ ၊ ဟုမ္မလင်း 

မန္တလေး-ဟုမ္မလင်း လေယာဉ်လက်မှတ်များကို အွန်လိုင်းကနေ တဆင့် လက်မှတ်လိမ်လည်ရောင်းချမှုတွေရှိနေတယ်လို့  ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ  မန္တလေးမြို့ကနေ ဟုမ္မလင်းကိုပြန်မယ့် ခရီးသည်တွေဆီကနေ သိရပါတယ်။ 

“ လေယာဥ်လက်မှတ်ထဲ ထူးခြားမှုရှိတာက သူတို့ပြင်ထားတာပေါ့လေ ဥပမာ ပုံမှန် ဒီနေ့တက်မယ့်လေယာဥ်က ၇ နာရီခွဲ ဆိုရင် သူတို့က လေယာဥ်လက်မှတ်ထဲမှာက ဘယ်လိုပြင်ထားသလဲဆိုတော့ ၉ နာရီခွဲဆိုပြီးတော့ ပြင်ထားတယ်။ ၉ နာရီခွဲရောက်လာတဲ့အခါကြတော့ လေယာဥ်က တက်သွားနင့်ပြီ သူ့လက်မှတ်မဟုတ်တော့” လို့  လိမ်လည်ခံရသူနှင့် နီးစပ်သူ တစ်ဦးကပြောပြပါတယ်။ 

လေယာဉ်လက်မှတ်တွေကို Photoshop ဖြင့် အမည်ပြောင်း၊ အချိန်ပြောင်းလဲမှုများပြုလုပ်ပြီး ဝယ်ယူသူတွေဆီကို ပေးပို့ခဲ့တာဖြစ်တယ်လို့ လိမ်လည်ခံရသူတွေဆီကနေ သိရပါတယ်။ 

ရှမ်းနီအသံက လိမ်လည်ခံရသူတွေရဲ့ လက်မှတ်နဲ့ လေကြောင်းလိုင်းက လက်မှတ်တွေ တိုက်ဆိုင်စစ်ဆေးကြည့်ချက်အရ ပြုပြင်ထားမှုများစွာတွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့တည်းမှာပင်ပုံစံတူ အလိမ်ခံရသူတွေ အနည်းဆုံး သုံးဦးအထက်ရှိနေတယ်လို့ သိရပါတယ်။

“ ဘယ်နှစ်ယောက်ပါသွားသလဲဆိုတော့ ကျွန်တော့ညီမတစ်ယောက်ရယ်။ ကျွန်တော်ညီမနဲ့အတူတူမဟုတ်တဲ့ တစ်ခြားသူတွေလည်း ရောက်လာတယ်။ တစ်ခြားသူတွေလည်း ပါတယ်လို့ပြောတယ်။ ကျွန်တော့်ညီမတစ်ယောက်တည်းတော့ မဟုတ်ဘူး။ ဖြစ်တဲ့ပုံစံတွေကတော့ အတူတူပဲ ဒီနေ့တစ်ရက်တည်းနဲ့တင်။”  လို့ ၎င်းက ဆက်ပြောပါတယ်။ 

7 star air tickets ဆိုတဲ့ facebook page က လိမ်လည် လက်မှတ်ရောင်းချခဲ့တဲ့လက်မှတ်တွေဟာ   လေကြောင်းလိုင်းတွေက တရားဝင်ပေါက်စျေးထက် ငါးသောင်းကျပ် ဝန်းကျင်စျေးသက်သာနေတယ်လို့ သိရပါတယ်။ 

မန္တလေးမှ ဟုမ္မလင်းမြို့ကို  လက်ရှိမှာ လေကြောင်းလိုင်းတစ်ခုတည်းကိုသာ အသုံးပြုပြီး သွားလာနေရတာကြောင့်  ဒေသခံတွေက အွန်လိုင်း Page အမျိုးမျိုးကနေ  လက်မှတ်ရရှိဖို့အရေး ကြိုးပမ်းနေကြရတာလည်းဖြစ်ပါတယ်။ 

အခုလို အွန်လိုင်းကနေတဆင့် လေယာဉ်လက်မှတ် လိမ်လည်ရောင်းချတဲ့ လူမှုကွန်ရက်စာမျက်နှာတွေက (၁၀)ခုထက်မနည်းရှိနေကြောင်း လေ့လာသိရှိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *