ဟုမ္မလင်း နောင်ပိုအောင်ကျေးရွာ ဒေသခံ (၄) ဦးကို စစ်ကောင်စီတပ်များဖမ်းဆီး

စစ်ကောင်စီမီဒီယာများတွင် ထုတ်ပြန်သည့် နောင်ပိုအောင်ကျေးရွာက ပန်းပဲဖိုတစ်ခု

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ ဒေသခံ (၄) ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ယနေ့ နံနက် (၉) နာရီအချိန့်က နောင်ပိုအောင်ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ရာ သစ်ဆန်းလက်ဖက်ရည်ဆိုင်မှ ကိုသန်းဆွေကို မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ 

“ပန်းပဲဖိုနဲ့ လက်ဖက်ရည်ဆိုင်ကို ဝင်ဖမ်းတယ်။​ PDF  လို့ထင်တဲ့အိမ်ဝင်မွေသွားတယ် ​” ဟု ​နောင်ပိုအောင်ရွာသားတစ်ဦးကဆိုသည်။ 

နောင်ပိုအောင် အိုးဖိုတန်းရပ်မှ ပန်းပဲဖိုတစ်ခုမှ လူငယ် နှစ်ယောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။ 

၎င်းတို့နှစ်ယောက်ကို စစ်ကောင်စီ၏ မီဒီယာများက PDF ဟု ပြောဆိုကာ ဓာတ်ပုံနှင့်တကွဖော်ပြနေသော်လည်း ဒေသခံများနှင့် ၎င်းတို့၏ မိတ်ဆွေများက မဟုတ်ကြောင်း ပြောဆိုထားသည်။ 

“ လူပဲဖမ်းတာ (၃) ယောက် ၊ လက်နက်က သူတို့ပါလာတဲ့ လက်နက်တွေခင်းပြီးတော့ ပုံရိုက်သွားတာ ၊ ”  ဟု ဖမ်းဆီးခံရသည့် လူနှစ်ဦးနှင့် ပတ်သတ်ပြီး ၎င်းတို့၏ အသိတစ်ဦးက ရှမ်းနီအသံကိုပြောသည်။

ထို့ပြင် တဖန်းကုန်းကျေးရွာမှ ငါးရောင်းဝယ်ရေးတစ်ဦးလည်း နောင်ပိုအောင်ကျေးရွာမှ အပြန်တွင် စစ်တပ်က ဖမ်းဆီးခဲ့ကြောင်းသိရသည်။​

စစ်ကောင်စီတပ်များက ကျေးရွာအတွင်း PDF များကို လိုက်လံဖမ်းဆီးခြင်းဖြစ်ကြောင်း နှင့် ဖမ်းဆီးမိသူများလည်း PDF များဖြစ်သည်ဟု  စစ်တပ်၏ မီဒီယာများတွင်ပြောဆိုထားသည်။ 

PDF များသည် နောင်ပိုအောင်ကျေးရွာအတွင်းနှင့် အနီးနားတွင် ၎င်းတို့၏ စခန်းလည်း မရှိကြောင်းလည်း ဒေသခံများကပြောဆိုထားကြသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *