ဟောင်ပါးကျေးရွာအုပ်စု  နမ့်ပါဟုတ်ကျေးရွာအိမ်မှူးကိုသေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခံရ

ဇွန် ၂၉ ၊ ဟောင်ပါး 

ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု နမ့်ပါဟုတ်ကျေးရွာ ရာအိမ်မှူး ကိုလင်းနိုင်(ခေါ်) ကိုစိုးဝင်းကို အမည်မသိအဖွဲ့တွေလက်ချက်နဲ့  ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်းမှာ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ နမ့်ပါဟုတ်ဒေသခံတွေဆီကနေ သိရပါတယ်။ 

“ ဘယ်လိုဖြစ်သွားသလဲဆိုတော့ သူ့ကားနဲ့ သူဆိုတော့ ခေါ်သွားပြီးတော့မှ ကျန်တဲ့တစ်နေရာမှာ သွားပစ်သတ်ထားတာ ဟောင်ပါးမြောက်ကျောင်းရဲ့အနောက်ဘက် ဇော်အောင်လုပ်ကွက်ဘက်ထဲမှာ ၊ အဲ့ဒီမှာကြီး သူ့ကားနဲ့ သူ့အလောင်းကိုသွားပစ်ထားတာပေါ့”  လို့ နမ့်ပါဟုတ်ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ကိုစိုးဝင်းကို ဟောင်ပါးကျေးရွာ မြောက်ကျောင်းအနောက်ဘက် ကျောက်စိမ်းလုပ်ကွက်တစ်ခုအနီးမှာ သူ့ကားနှင့်အတူ သေဆုံးနေသည်ကိုတွေ့ခဲ့ကြောင်း ၎င်းကပြောဆိုမှုအရ သိရပါတယ်။ 

ကိုစိုးဝင်းရဲ့ ရုပ်အလောင်းကို သူ့ကား၏ နောက်ခန်း ယာဘက်ထိုင်ခံမှာ  နောက်ပြန်ကြိုးထုတ်ပြီး ယာနားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သိရပါတယ်။ 

ဟောင်ပါးကျေးရွာအုပ်စု  နမ့်ပါဟုတ်ကျေးရွာသား ရှမ်းနီအကဆရာ စိုင်းရေကျော်ကိုလည်း ၂၀၂၂ ခုနှစ် ဇူလိုင်လမှ လက်နက်ကိုင်တပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းမှာ ၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်းမှာ အမည်မသိလက်နက်ကိုင်တွေရဲ့ လက်ချက်ဖြင့် သတ်ဖြတ်ခံရသည့် အရပ်သား ဆယ်နှင့်ချီရှိနေသလို ဓားပြမှု၊ လုယက်မှုတွေလည်း မကြာခဏဖြစ်ပွားနေကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *