မေ၂၂၊လွိုင်တိုင်းလျန်း
ရှမ်းတိုင်းရင်းသားများ၏ ညီညွှတ်မှုအားနည်းခြင်း၊ အချင်းချင်းတိုက်ခိုက်ခြင်းတို့ကြောင့် တော်လှန်ရေးခရီးရှည်ကြာခြင်းဖြစ်တယ်လို့ RCSS/SSA ဥက္ကဌ စဝ်ယွက်စဝ်က ပြောဆိုလိုက်ပါတယ်။
မေလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြေားကြားထားတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် တိုင်းပြည်ရဲ့ တော်လှန်ရေး ကြာမြင့်နေရတာဟာ လက်နက်ကိုင် အဖွဲ့တွေ များပြားလွန်းပြီး မတူညီတဲ့ရည်မှန်းချက်တွေ ၊ ဥပဒေပြင်ပ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေကို အစိုးရအဆက်ဆက်က ထိန်းချုပ်နိုင်ခြင်းမရှိခဲ့သလို ရည်ရွယ်ချက်ရှိရှိနဲ့ မထိန်းချုပ်တာတွေ ဖြစ်နိုင်သလို တော်လှန်သူတွေအတွက် အတားအဆီးဖြစ်စေဖို့ တမင်တကာလွတ်ထားတာ ဖြစ်နိုင်တဲ့အတွက်တွေကြောင့် တော်လှန်ရေးသက်တမ်းက ရှည်ကြာနေရခြင်းဖြစ်တယ်လို့ သူက ဆိုပါတယ်။
အယူဝါဒတွေအမျိုးမျိုးရှိနေပေမယ့် မြန်မာနိုင်ငံရဲ့ ရေခံမြေခံနဲ့ ကိုက်ညီတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်မှ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်သွားနိုင်မှာဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုထားပါတယ်။
သျှမ်းပြည်တော်လှန်ရေးနေ့ သို့မဟုတ် သျှမ်းပြည်တပ်မတော်နေ့ကို ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့မှာ မိုင်းတုံမြို့နယ် နမ့်ကျိတောတွင်းတစ်နေရာကနေ သျှမ်းလူငယ် ၃၁ ဦးက စတင်ခဲ့တာဖြစ်ပြီး ယခုဆို ၆၅ နှစ်တိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
မေလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ သို့မဟုတ် သျှမ်းပြည်တပ်မတော်နေ့ အခမ်းအနားကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဌာနချုပ်ရှိရာ လွယ်တိုင်းလျန်း နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဌာနချုပ်မှာလည်း ပြုလုပ်ကျင်းပနေတယ်လို့ သိရှိရပါတယ်။