အင်းတော်ကြီးကိုကာကွယ်မဲ့ကျားဖြူစစ်ကြောင်း

ရှမ်းနီတိုင်းရင်းသားလူမျိုးတွေရဲ့ ဘူမိနက်သန် သမိုင်းဝင် အင်းတော်ကြီးနယ်မြေကို ကာကွယ်ဖို့ ရှမ်းနီအမျိုးသားမျာတပ်မတော် SNA ရဲ့ ကျားဖြူစစ်ကြောင်းဟာ ထိုးဖောက်ဝင်ရောက်လာပြီဖြစ်တယ်။

အနောက်မြစ် ချင်းတွင်း‌‌ ဒေသဟုမ္မလင်း၊ ခန္တီး စတဲ့နယ်တွေက ရှမ်းနီလူငယ်တွေနဲ့ အင်းတော်ကြီး၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်းနယ်တွေက ရှမ်းနီလူငယ်တွေရဲ့အဓိက အားနဲ့ ကျစ်လျစ်စွာဖွဲ့စည်းတည်ဆောက်ထားတဲ့ ကျားဖြူစစ်ကြောင်းလို့ဆိုပါတယ်။

အင်းတော်ကြီးနယ်မြေမှာ ရှမ်းနီအမျိုးသားများတပ်မတော်ရဲ့ ကျားဖြူစစ် ကြောင်းအနေနဲ့ စတင်ထိုးစစ်ဆင်တဲ့ ပွဲဦးထွက် တိုက်ပွဲမှာပဲ မိုင်းနောင် နဲ့ မမုန်ကိုင်ရွာတွေကိုပြန်လည်သိမ်းယူလိုက်ပြီး တိုက်ခိုက်ရေးစွမ်းရည်တွေကို ပြသလိုက်တာလို့ ရှမ်းနီအမျိုးသားတွေက ဆိုပါတယ်။

နောက်ပိုင်းမှာ ထင်မှတ်မထားတဲ့ နေရာတွေကနေ ပေါ်ထွက်လာပြီး အင်းတော်ကြီးရဲ့ နယ်မြေတခုလုံးကို စိုးမိုးတော့မဲ့အခြေအနေဖြစ်တယ်လို့ မျှော်လင့်နေကြပါတယ်။

ကျားဖြူစစ်‌ကြောင်းမှာ တိုးတက်တဲ့ ရှမ်းနီလူငယ်တွေနဲ့ဖွဲ့စည်းထားတာ‌ ကြောင့် ကေအိုင်အေဘက်ကနေတိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF လူငယ်တွေကို ထိခိုက်စေလိုတဲ့ ဆန္ဒ မရှိဘူးလို့ ဆိုနိုင်ပါတယ်။

ရှမ်းနီနယ်မြေမှာ လာရောက်ကျူးကျော်နေတဲ့ ကေအိုင်အေကို တိုက်ခိုက်နေပေမဲ့ PDF လူငယ်တွေက ရောနှောပါဝင်နေလို့ စစ်ဆင်ရေးကိုစိတ်တိုင်းကျမလုပ်ဆောင်နိုင်တဲ့ အခြေအနေ တရပ်ဖြစ်နေတယ်လို့‌ ‌ယူဆနိုင်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထဲမှာ ရှမ်းနီ၊ ကတူးနဲ့ ဗမာ စတဲ့ တိုင်းရင်းသားလူငယ်မျိုး စုံပါဝင်နေကြလို့ အဲဒီလူငယ်တွေကို မထိခိုက်‌စေချင်တာကြောင့် စိတ်ထင်တိုင်းမပေါက်တဲ့ အနေအထားဖြစ်နေတာပါ။

တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် အာဏာရှင်စနစ်ကိုအမှန်တကယ်တော်လှန်နေကြတာလား ဒါမှမဟုတ် ကေအိုင်အေရဲ့ အကျိုးစီးပွားအတွက် အစတေးခံနေကြတာလားဆိုတာကို ဘက်အသီးသီးမှာပါဝင်နေကြတဲ့ လူငယ်တွေအားလုံး သတိပြု သုံးသပ်နိုင်ကြဖို့လိုပြီလို့ နယ်ခံတွေက ပြောကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်နေကြတဲ့ မြန်မာပြည်အထက်ပိုင်းက ရှမ်းနီတိုင်းရင်းသားတွေအပါအဝင် ရာထောင်ချီတဲ့ လူငယ်တွေ ကျဆုံးခဲ့ရပြီးဖြစ်ပါတယ်။ 

ဒီတော်လှန်ရေးကြီးအပါအဝင် မြန်မာနိုင်ငံရဲ့တော်လှန်ရေးအဆက်ဆက်မှာ ရှမ်းနီအမျိုးသားတွေရဲ့ အသက်သွေးချွေးမြောက်များစွာပေးဆပ်ခဲ့ပြီးဖြစ်တယ်လို့ ရှေ့မီနောက်မီ ရှမ်းနီမျိုးဆက်တွေက ပြောလေ့ရှိပါတယ်။

သတင်းမီဒီယာနဲ့ လူထုဆက်ဆံရေးနယ်ပယ်မှာ အားနည်းမှုတွေရှိတာကြောင့် ရှမ်းနီလူမျိုးတွေရဲ့ အသံတွေဟာ ထင်သလောက် မသိရှိကြရတဲ့ အခြေအနေတွေဖြစ်ပါတယ်။

အဲဒီလို အ‌နေအထားမှာ ကေအိုင်ရဲ့ ဝါဒါဖြန့်ချိရေးမျိုးစုံကနေ တိုက်ရိုက်တမျိုး သွယ်ဝိုက်လို့တဖုံ ရှမ်းနီအရေးကို ပုံဖျက်နေကြတာလို့ အမည်မဖော်လိုကြတဲ့ခေတ်ပညာတတ်ရှမ်းနီ အမျိုးသားတွေက ဆိုကြပါတယ်။

အင်းတော်ကြီးနယ်မှာ တရားမဝင်ရွှေတူးဖော်‌နေကြတဲ့ အခြအနေကိုလည်း ကေအိုင်အေရဲ့ ဝါဒဖြန့်ချိရေးတွေက အဖြစ်သဘောမျိုးလောက်သာ ဖော်ပြကြတာကိုတွေ့ရပါတယ်။

မြေပြင်သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ စစ်တပ်နဲ့ ကေအိုင်အေ နှစ်ဘက်က လက်ဝါးချင်းရိုက်ထားကြပြီး ဟန်ပြသဘောမျိုး တိုက်ပြ ခိုက်ပြပြီးရင် တရားမဝင် ရွှေတွင်းတွေနဲ့ဆက်စပ်နေတဲ့ ငွေရလမ်းကြောင်းတွေကနေ အကျိုးအမြတ်ရယူနေကြတာလို့ သိရပါတယ်။

ဒါကြောင့် တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်တယ်လို့ အသံကောင်းဟစ်နေတဲ့စစ်တပ် က မိုင်းနောင် နဲ့ မမုန်ကိုင်ရွာတွေဘက်မှာ တရားမဝင်ရွှေတူးဖော်လို့ အင်းတော်ကြီးအိုင်ပျက်စီးနေပေမဲ့လည်း သူတို့ ကိုယ်ကျိုးစီးပွားတွေရှိနေတာကြောင့် ထိရောက်စွာ ကာကွယ်နိုင်ခြင်းမရှိဘူးလို့ ထောက်ပြကြပါတယ်။

အဲဒီလို အခြေအနေမှာ ကိုယ့်မြေ ကိုယ်ရေ ကိုယ့်ဌာနေကို ကာကွယ်လိုစိတ် ပြင်းပြနေကြတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ရဲ့ကျားဖြူစစ်ကြောင်းက စစ်ဆင်ရေး သုံးရက်ဆက်နွှဲပြီး မိုင်းနောင်နဲ့ မမုံကိုင် ကို သိမ်းယူပြတာဖြစ်တယ်လို့ ပြောကြပါတယ်။

အင်တော်ကြီးဟာ ရှမ်းနီအမျိုးသားတွေရဲ့ နယ်မြေဖြစ်လို့ ကျားဖြူစစ်ကြောင်းက ရှမ်းနီတပ်ဖွဲ့ဝင်တွေဟာ ‌မထင်မှတ်တဲ့နေရာ တွေကနေ မြေလျှိုးမိုးပျံသလိုရောက်ရှိလာပြီး စစ်ဆင်ရေးပစ်မှတ်တွေကို ချေမှုန်းနိုင်ရေးအတွက် အထူးလေ့ကျင့်ထားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

အခုရက်ပိုင်းမှာ မိုင်းနောင်နဲ့ မမုန်ကိုင်ရွာကို ထိုးစစ်ဆင်ပြီးသိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။

အဲဒီရွာတွေနဲ့ပတ်ဝန်းကျင်မှာ ကေအိုင်အေက စိုးမိုးထားပြီးနောက်ပိုင်း တရားမဝင်ရွှေတူးဖော်ခွင့်ပြုထားလို့ အင်းတော်ကြီးအိုင်အပါအဝင် ပတ်ဝန်းကျင်တောတောင်နယ်မြေတွေဟာ ဆိုးဝါးစွာပျက်စီးနေပြီလို့ နယ်ခံတွေကပြောကြပါတယ်။

ဒီနေရာမှာ ဆက်စပ်လို့ပြောရရင် အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင်ရွှေတူးဖော်လို့ အင်းတော်ကြီးနဲ့ဆက်စပ်နယ်မြေတွေပျက်စီးရတဲ့ အဓိက တရားခံတွေက ကေအိုင်အေ နဲ့ စစ်တပ်ပဲဖြစ်ပါတယ်။ 

ဌာနေပြည်သူ့စစ်နဲ့ PDF လူငယ်တွေက အသုံးချခံ၊ နာမည်အပျက်ခံသက်သက်ဖြစ်ပြီး အဓိကတော့ကေအိုင်အေနဲ့ စစ်တပ် ပြီးရင်  ဝိသမနည်းနဲ့ ငွေရှာကြ‌တဲ့ လောဘသားလုပ်ငန်းရှင်ဆိုသူတွေဖြစ်တယ်လို့ နယ်ခံတွေကပြောကြပါတယ်။

အဲဒီလို ရွှေတူးဖော်ခွင့်ပြုထားပြီး မူးယစ်‌ဆေးဝါး၊ လောင်းကစား စတဲ့ နည်းလမ်းမျိုးစုံနဲ့ ငွေရလမ်းတွေရှိနေတာကြောင့် ကမ္ဘာ့အသိအမှတ်ပြု အင်းတော်ကြီးအိုင်ပျက်စီးတာကို လစ်လျူရှုပြီး ကေအိုင်အေက မမုန်ကိုင်နဲ့ မိုင်းနောင်ရွာကို ထိန်းချုပ်ထားတာပါ။

ဒီလိုအခြေအနေတွေကြောင့် မိမိတို့ရဲ့ဘူမိနက်သန်ဌာနေ မပျက်စီးစေလိုတဲ့အတွက် ရှမ်းနီအမျိုးသားများတပ်မတော်ရဲ့ ကျားဖြူစစ်ကြောင်းက အခုလိုစစ်ဆင်ရေး လုပ်ရတာလို့ဆိုပါတယ်။ 

ရှမ်းနီ အပါအဝင် ရှမ်းတိုင်းရင်းသားလူမျိုးတွေရဲ့ သမိုင်း၊ ရာဇဝင်နဲ့ ဒဏ္ဍာရီတွေထဲမှာ အစဉ်အလာကြီးမား‌ ကျော်ဇောတဲ့ စောဝ်ဆေးဖိတ် ခေါ် ကျားဖြူမင်းက သူ့နယ်ပယ်တွေကို ကြီးစိုးလွှမ်းမိုးခဲ့သလို ကျားဖြူစစ်ကြောင်းကလည်း တိုက်ခိုက်ရေးစွမ်းရည်အပြည့်နဲ့ အင်းတော်ကြီးနဲ့ဆက်စပ်နယ်မြေတွေကို ကာကွယ်‌ စောင့်ရှောက်နိုင်မလား ဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။

– ဆေမောဝ်းခမ်း –

ဆေမောဝ်းခမ်း သည် ရှမ်းနီလူငယ်တစ်ဦးဖြစ်ပြီး ၊ ဒေသတွင်းနှင့် ရှမ်းနီအရေးများကို လေ့လာနေသည့် စာရေးဆရာတစ်ဦးဖြစ်သည်။

အတွေးအမြင်ဆောင်းပါးများသည် ရှမ်းနီလူငယ်များ၏ နိုင်ငံရေး၊ စီးပွားရေး အတွင်းအမြင်များဖြစ်သည်။ ရှမ်းနီအသံ၏ အယ်ဒီတာများ၏ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *