နိုဝင်ဘာ ၁၅ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသ တုံပင်ကျေးရွာအနီးရှိ KIA တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်း (၂၆) ကို နိုဝင်ဘာလ ၁၄ ရက်နေ့ ည သန်းခေါင်အချိန်မှာ ဗုံးနှစ်လုံးကျဲခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ ဒီနေ့ည ၁၂ နာရီအချိန်မှာ ငါတို့ တုံပင်နားက ရင်း ၂၆ ကို လေယာဉ်နှစ်စီးနဲ့ ဗုံးလာချသွားတာ” လို့ တုံပင်ကျေးရွာအနီးက ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဒီလိုဗုံးကျဲတိုက်ခိုက်မှုမှ အထိအခိုက်သတင်းကတော့မကြားသိရဘူးလို့ ဆိုပါတယ်။
အင်းတော်ကြီးဒေသမှာ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေပစ်ခတ်တာလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ အဲ့ဒီပတ်ဝန်းကျင်အနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှု (၃) ကြိမ်ထက်မနည်းလည်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေက နိုဝင်ဘာလ ၁၄ ရက်နေ့မှာပဲ ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသ ကံကုန်းကျေးရွာအနီးကို လေကြောင်းကနေ ဗုံးကျဲချမှုကြောင့် နေအိမ်တစ်ခု ပျက်စီးခဲ့တယ်လို့ သိရပါတယ်။