အင်းတော်ကြီးဒေသအတွင်းမှာစက်သုံးဆီများရှားပါးနေတာကြောင့်စပါးရိတ်သိမ်းမှုနှောင့်နှေးနေ

စပါးရိတ်သိမ်းနေသည့်မြင်ကွင်း Photo_ShanNi Voice

နိုဝင်ဘာ ၁၆ ၊ အင်းတော်ကြီး 

အင်းတော်ကြီးဒေသမှာ စက်သုံးဆီရှားပါးမှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် စပါးရိတ်သိမ်းဖို့အတွက် နှောင့်နှေးကြန့်ကြာနေကာ တချို့လယ်တွေမှာ ဆုံးရှုံးမှုများရှိနေတယ်လို့ တောင်သူများထံမှ သိရပါတယ်။

 “ စပါးတွေကမှည့်ပြီး တစ်ချို့ဆိုကြွတ်လို့တောင်နေပြီ မရိတ်ရသေးဘူးဆိုရင်  မိုးတွေဘာတွေရွာလာရင် ရှုံးကြမယ့်အနေအထားပဲ လူနဲ့ရိတ်မယ်ဆိုရင်လည်း စပါးရိတ်မယ့်သူတွေလည်း ဝင်လာတာမရှိဘူး ဒါကြောင့်မို့ လူကလည်းမရတတ်ဘူးဖြစ်နေတယ်’ ဟု အင်းတော်ကြီး အရှေ့ကမ်း၊ ရွာသစ်ကျေးရွာနေ တောင်သူတစ်ဦးက ပြောပြပါတယ်။

လတ်တလောမှာ   စက်သုံးဆီစျေးကြီးမြင့်နေပြီး တစ်ပေပါလျှင် ၆သိန်း၈သောင်းခွဲထိ ရှိနေကာ  အင်းတော်ကြီးဒေသထဲ ဆီတင်သွင်းမှုကိုလည်း နန့်မွန်းတောင်ထိပ်ရှိ စစ်ကောင်စီဂိတ်များက အကန့်အသတ်ဖြင့်သာ တင်သွင်းခွင့်ပြုနေကြောင်း ဆိုကြပါတယ်။

ဒါ့အပြင် တခြားဒေသရှိ စပါးရိတ်ခြွေစက်များကလည်း အင်းတော်ကြီးဒေသထဲသို့ ယခုနှစ်တွင် ဝင်ရောက်လာမှု မရှိဘူးဟု ဒေသခံတစ်ဦးက ဆိုပါတယ်။

“မပြင်မှာ ငါးလုံး ပန်းလားမှာငါးလုံး ရွာမှာရှိတဲ့အဲ့ဒီစက်တွေနဲ့ပဲ ရိတ်ခြွေနေကြရတာ ဟိုဘက်ကစက်တွေမဝင်ဘူး စောင့်ရတာလေ လယ်တစ်ဦးနဲ့တစ်ဦး စက်တွေကမလောက်ဘူး စောင့်ရိတ်ရတဲ့အခါကျတော့ စပါးတွေရူံးကြတာပါ့” လို့ ၎င်းက ဆိုပါတယ်။ 

စက်သုံးဆီရှားပါးကာ စျေးကြီးမြင့်နေတာကြောင့် ရိတ်ခြွေခပေးချေရမှုမှာ  ယခင်ကလယ်တစ်ဧကလျှင် ၈သောင်းကျပ်မှ ယခု တစ်ဧကလျှင် တစ်သိန်းသုံးသောင်းကျပ်ထိ စျေးမြင့်တက်နေသည်ဟု သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *