အင်းတော်ကြီးဒေသတွင် စာသင်ကျောင်းအများစုပြန်လည်ဖွင့်လှစ်

ဇွန် ၄ ၊ အင်းတော်ကြီး 

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ KIA ထိန်းချုပ်ထားသည့် ကျေးရွာများတွင်  စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေသခံရပ်မိရပ်ဖများထံမှသိရသည်။ 

“ မိုင်းပုတ်တို့ ၊ တုံပင်တို့ရွာဘက်ကတွေလည်း မိုးညှင်းကိုလာကြတယ်။ ရပ်မိရပ်ဖတွေက ပညာရေးမှူးဆီကို ဆရာ/မတွေကို ပြန်လွှတ်ပေးဖို့၊ သူတို့တွေ တာဝန်ယူမယ် ဘာမှမဖြစ်စေရဘူးဆိုပြီး။ သူတို့တစ်ခါလာသွားပြီးပြီ လုံခြုံရေးမယူပေးနိုင်လို့ ဒီက(ပညာရေးမှူး) ဘက်က  မပေးလိုက်ဘူး။ အခုတစ်ခေါက်ကတော့ KIA ကလည်း ခွင့်ပြုတယ်ထင်တယ်။ အဲ့ကြောင့်နောက်တစ်ခေါက် ထပ်လာတာ”လို့ ဖြစ်စဉ်ကိုသိတဲ့ ပညာရေးဌာနနဲ့ နီးစပ်သူတစ်ဦးက ဆိုသည်။ 

စစ်ကိုင်း-ကချင် နယ်စပ်က ကျေးရွာများသည် ပြီးခဲ့သည့် စာသင်နှစ်များဖွင့်လှစ်ခဲ့သော်လည်း တိုက်ပွဲများကြောင့် ခတ္တပိတ်ထားခဲ့ကြပြီး အခုနှစ်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ 

စစ်ကိုင်းတိုင်းဘက်ခြမ်း ဟုမ္မလင်းမြို့နယ်ရှိ နမ့်နစ် ၊ ပက္ကလာ ၊ ပါဟုတ်ကြီး စသည့် ကျေးရွာများတွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း သိရသည်။ 

ကနဦးသတင်းများအရ အင်းတော်ကြီးဒေသ၏ ရှစ်ဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည့် KIA+PDF များက စစ်ကောင်စီရဲ့ ကျောင်းများကို ဖွင့်လှစ်ခွင့် ပိတ်ပင်လိုက်ပြီး ၎င်းတို့က ဆက်လက်တာဝန်ယူသွားမည်ဖြစ် ကြောင်း ရပ်ရွာများကို အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ပြောဆိုခဲ့သည်။ 

သို့သော်လည်း လက်ရှိအချိန်မှာတော့ စာသင်ကျောင်းများကို စစ်ကောင်စီရဲ့ ပညာရေးဝန်ထမ်းများဖြင့် ဖွင့်လှစ်နိုင်ကြောင်း အသိပေးလာသည့်အတွက် ဆရာ/မများကို ပြန်လည်ခေါ်ယူမှုများ ပြုလုပ်ခဲ့သည်ဟု အင်းတော်ကြီးဒေသ ခံများထံမှသိရသည်။ 

အင်းတော်ကြီးဒေသမှာ အထကကျောင်း (၁၀) ကျောင်း ၊ အလကျောင်း (၉) ကျောင်း နဲ့ မူလတန်း ၊ မူလတန်းကြိုကျောင်း စုစုပေါင်း ၅၉ ကျောင်းအထိရှိပြီး  နှစ်စဉ် ကျောင်းသား/သူ တစ်သောင်းနီးပါး စာသင်ကြားနေ ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *