မတ် ၂၂ ၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသကို စက်သုံးဆီတင်ကားများကို မတ်လ(၁၇)ရက်နေ့မှစ၍ ပြန်ဝင်ခွင့်ပေးလိုက်ပြီဖြစ်သော်လည်း အင်းတော်ကြီး-ဖားကန့်လမ်းပိုင်းမှ စက်သုံးဆီကားဝင်ထွက်ခွင့်ကို ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
“ သွားနေကြပြီကားတွေ ငါးရက်ထိလို့ပြောထားတယ်မလား အခုသွားနေလာနေကြတာကို တွေ့နေရပါတယ်’ဟု မိုင်းနောင်ဒေသခံတစ်ဦးက ဆိုပါတယ်။
နန့်မွန်းတောင်ထိပ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မတ်လ(၁၃)ရက်နေ့မှ(၁၇)ရက်နေ့ထိ စက်သုံးဆီတင်ကားတွေကို အင်းတော်ကြီးဒေသထဲကို ဝင်ရောက်ခွင့်ပိတ်ထားခဲ့ရာ ပိတ်ပင်ထားခဲ့ပါတယ်။
စက်သုံးဆီကားဝင်ရောက်ခွင့်ပိတ်ထားခဲ့မှုကြောင့် အင်းတော်ကြီးဒေသတွင်းမှာ စက်သုံးဆီဈေးကြီးမြင့်မှုကိုလည်း ကြုံနေရကြောင်း ညောင်ပင်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ဆီဈေးကပြန်တက်ခဲ့တယ်ဟုတ်တယ် ဒီမှာတောင် သောင်းသုံးထောင်ကျော်နေပြီ တစ်ဂါလံကို ခါတိုင်းက သောင်းတစ်ထောင် နှစ်ထောင်ပဲရှိတာ အခုက တစ်ထောင်ကျော်တက်ခဲ့တာပေါ့”
အင်းတော်ကြီး-ဖားကန့်လမ်းပိုင်းမှ စက်သုံးဆီကားများ ဖားကန့်မြို့နယ်တွင်းသို့ ဝင်ရောက်ခွင့်ကို ဖေဖော်ဝါရီလ(၁၉)ရက်ကတည်းကစ ယနေ့အထိပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။
“ ကားအကြီးတွေကမရဘူးဆိုတာက လမ်းမှာဂိတ်တွေဖြတ်ရတယ် ဂိတ်တွေမှာနားရတယ် အပိတ်ခံထားရတယ် သူတို့ဖွင့်ချင်တဲ့နေ့ကျဖွင့်တယ် မဖွင့်ချင်တဲ့နေ့ကျပိတ်ထားလိုက်တယ် အေ့လိုသဘောဆိုတော့ ဒီဘက်ကကားသမားတွေ ဘာလုပ်ကြလဲဆို ကားအသေးတွေနဲ့ကဲ့တော့တာ ကားအသေးတွေကျမြန်တာပေါ့ကွာ ပြန်ဝင်ခွင့်ပေးမယ်ဆိုတာတော့ လောလောဆယ်တော့ မကြားမိဘူး” ဟု လုံးခင်းဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
အင်းတော်ကြီး-ဖားကန့်လမ်းပိုင်းမှ ဖားကန့်မြို့နယ်သို့ စက်သုံးဆီကားများ ဝင်ရောက်ခွင့်ပိတ်ထားခဲ့သည်မှာ တစ်လကျော်ခဲ့ပြီလည်းဖြစ်ပါတယ်။