
အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ ဒီနေဩဂုတ်လ ၃ ရက်နေ့ မနက် ၅ နာရီအချိန်ကစပြီး မိုးရွာသွန်းမှုကြောင့် နန့်မွန်းချောင်းရေကြီးပြီး မြို့တစ်ခုလုံးနီးပါး ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇူလိုင်လကုန်မှာ မိုးသည်းထန်မှုကြောင့် နန့်မွန်းမြို့တစ်ခုလုံးရေကြီးရေလျှံဖြစ်ပြီး ရက်ပိုင်းအကြာမှာပဲ ဒုတိယအကြိမ်ပြန်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
“ ချောင်းကရေကြီးတာ၊ ချောင်းကတိမ်ကုန်ပြီလေ၊ သဲတွေနဲ့ လူတွေကော ချောင်းဘက်ကို မြေကြီးခိုးတာလည်းပါတယ်ပေါ့ ချောင်းကျဉ်းသွားတာပေါ့၊ ချောင်းတိမ်သွားတယ် သဲတွေနဲ့ဆိုတော့ အဲ့တာဆိုတော့ မိုးရွာရင်တက်လာပြီ ခဏလေးပဲ” လို့ နန့်မွန်းရပ်မိရဖတစ်ဦးက ပြောပါတယ်။
နန့်မွန်းမြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ နန့်မွန်းချောင်းဟာ လက်ရှိတိမ်ကောနေမှုနဲ့ ချောင်းတလျောက်ရှိ နေအိမ်များက ချောင်းကို ကျဉ်းမြောင်းသွားအောင်ပြုလုပ်မှုကြောင့် တိမ်ကောမှုဖြစ်တာလို့ သုံးသပ်နေကြပါတယ်။
ဒါ့အပြင် အင်ကြင်းတောင် နဲ့ နန့်မွန်းကပ်ကျော်တောင်က ချောင်းဖျားဒေသတွေမှာ ရွှေတူးဖော်မှုတွေကြောင့်လည်း မိုးဆက်တိုက်ရွာသွန်းလျှင် ရေကြီးရေလျှံမှု ရုတ်တရက်ဖြစ်ပေါ်လာတာလို့ ၎င်းရပ်မိရပ်ဖက ပြောပါတယ်။
“ ရွှေလုပ်တဲ့ အဲ့ဒီတူးထားစွထားတဲ့ သဲစာတွေနဲ့လည်းဆိုင်တာပေါ့ ၊ ပွသွားတော့ သဲတွေအကုန်မျှောတော့ ဒီဘက်ကိုလာဖုန်းတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဇူလိုင်လ ၂၇ နဲ့ ၂၈ ရက်တွေမှာ အင်းတော်ကြီးဒေသ အရှေ့ကမ်း ၊ အနောက်ကမ်းတစ်ခုလုံးရေကြီးရေလျှံမှုဖြစ်ပွားကာ စိုက်ပျိုးလယ်ယာအများအပြား ပျက်စီးဆုံးရှုံးခဲ့သလို နေအိမ်၊ လမ်းမတွေမှာလည်း ရွံ့နွံဖုံးမှုဟာ လေးရက်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။