
ဇွန် ၁၀ ၊ မိုင်းနောင်
အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနောက်ဘက် (၁)မိုင်အကွာမှာ ဒီနေ့ ဇွန်လ ၁၀ ရက်နေ့ မနက် ၁၁ နာရီကျော်ကစပြီး KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ကျင်းသားတစ်ယောက်ခြေဖမိုးထိတယ်ပြောတယ်။မစိုးရိမ်ရဘူးတဲ့ ၊ နောက်ဆုံးရသတင်းကိုပြောတာ ။ မိုင်းနောင်နဲ့ တစ်မိုင်ကျော်အကွာမှာ၊ အခုတော့ အသံတိတ်သွားပြီ” လို့ မိုင်းနောင် ရပ်မိရပ်ဖတစ်ဦးက ပြောပြပါတယ်။
ကျည်ထိမှန်တဲ့ ကျင်းသားကို ဆေးရုံကိုပို့ဆောင်ပေးနေပြီလို့လည်း သိရပါတယ်။
တိုက်ပွဲဖြစ်ပွားရတဲ့အကြောင်းအရင်းကို မသိရသေးပဲ စစ်ကောင်စီတပ်ဘက်က မိုင်းနောင်အနောက်ဘက်က ရွှေမျှောတွေရှိတဲ့ဘက်ကို သွားရင်း တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
တိုက်ပွဲက မနက် (၁၁) ခွဲကျော်အချိန်ကစ နေ့လည် (၁) နာရီအထိဖြစ်ပွားခဲ့ပြီး KIA ရင်း (၂၆) နဲ့ ဖြစ်ပွားတာဖြစ်ပြီး မြန်မာစစ်တပ်ဘက်က တပ်ရင်းတပ်ဖွဲ့ကို မသိရဘူးလို့သိရပါတယ်။
ဇွန်လ အစောပိုင်းကလည်း အင်းတော်ကြီး နန့်မွန်းမြို့အနီးမှာ KIA PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။