စက်တင်ဘာ ၂၇ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသအတွင်းမှာ လယ်ယာမြေတိုးချဲ့လုပ်ကိုင်မှုတွေနဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် ဆင်များ၏ စားကျက်မြေများကျဉ်းမြောင်းလာကာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာနေရတယ်လို့ ဆင်မွေးမြူထားသူတွေဆီကနေ သိရပါတယ်။
“ ဆင်နဲ့ပတ်သက်ပြီးတော့ လူတွေများလာတော့ တောတွေတောင်တွေမှာ စားကျက်မြေက ကျဉ်းလာတယ်။ ဆင်တွေကို လွတ်ဖို့နေရာတွေကကျဉ်းသွားတယ်။ ကျည်းလာတယ်။ အဲ့လိုဆိုတော့ အခက်အခဲတွေကြုံနေတာ” လို့ လွဲမွန်ကျေးရွာက ဆင်ပိုင်တစ်ဦးက ပြောပြပါတယ်။
အင်းတော်ကြီးဒေသအတွင်းမှာ ယခုနှစ်ပိုင်းတွေမှာ လယ်ယာစိုက်ပျိုးမြေများ တိုးချဲ့လာကိုင်လာကြခြင်းကြောင့် တိရိစ္ဆာန်တွေအတွက် စားကျက်မြေများကျဉ်းလာတယ်လို့ အင်းတော်ကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက ပြောဆိုထားကြပါတယ်။
ယခင်က ဆင်များအတွက် စားကျက်မြေနေရာတွေ သီးသန့်ရှိခဲ့ပေမယ့်လည်း လက်ရှိမှာ ဆင်တွေအပါအဝင် တခြားသော တောရိုင်းတိရစ္ဆာန်များအတွက် စားကျက်မြေပျောက်ဆုံးလာနေကာ ၎င်းတို့အတွက် စားကျက်မြေတွေဖန်တီးပေးဖို့ လိုတယ်လို့ဆင်မွေးမြူသူတွေက ပြောဆိုနေကြပါတယ်။
“ ဆင်တွေကိုမလွတ်ရဘူး ၊ ကျွဲတွေနွားတွေကို လှန်သလိုပဲ လှန်ထားရတယ်။ လွတ်လိုက်ရင်လည်း လျောက်သွားနေတော့ သူများဟာ သွားဖျက်ဆီးမိမယ်။ ဆင်စားကျက် ကောင်းကောင်းတော့ လိုချင်တာပေါ့” လို့ ဆင်ပိုင် တစ်ဦးက ပြောပါတယ်။
စားကျက်မြေတိုးချဲ့ခြင်းတွေကို မပြုလုပ်ဖို့အတွက် နဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမယ့် အလွန်အကျွံသစ်ထုတ်လုပ်မှုတွေကို မလုပ်ဖို့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေကို တိိုက်တွန်းနေပမယ့်လည်း ရပ်တန့်သွားခြင်းမရှိပဲ ဆက်လက်လုပ်ကိုင်နေကြတယ်လို့ အင်းတော်ကြီးဒေသ မိုင်းနောင်ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
အင်းတော်ကြီးဒေသက ကျေးရွာအများစုမှာ ဆင်မွေးမြူထားကြတာရှိပြီး လယ်ယာလုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေးလုပ်ငန်းများမှာ အသုံးပြုနေတာဖြစ်ပါတယ်။
အင်းတော်ကြီးဒေသကို ယူနက်စကိုက လူသားနှင့် ဇီဝအဝန်းအဝိုင်းနယ်မြေတစ်ခုဖြစ်သလို ရမ်ဆာ ကမ္ဘာ့ရေတိမ်ဒေသ စာရင်းဝင်ထားတဲ့ ဒေသလည်းဖြစ်ပါတယ်။