အောက်တိုဘာ ၁၃ ၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှာ မိုးရွာသွန်းမှု တစ်ပတ်နီးပါးရှိလာပြီဖြစ်တာကြောင့် အော်ဂဲနစ်နည်းဖြင့် စိုက်ပျိုးထားတဲ့ တချို့သောစပါးခင်းတွေဟာ ရေနစ်မြှုပ်ကာပျက်စီးဆုံးရူံးမှုများ ရှိနေတယ်လို့ တောင်သူများထံမှ သိရပါတယ်။
“ မိုးတွေရွာလာတော့ရေတွေကြီးတယ် ငါးရက်ခြောက်ရက်လောက်တော့ရှိပြီရွာနေတာ ဒီနေ့မှနည်းနည်းလင်းလာတာ စပါးတွေလည်းမှည့်လာပြီအခုက ရေတွေလည်းချလို့မရဘူး ရိတ်လို့လည်းမရဘူးလေ ရေတွေကတအားများနေတာ” ဟုလွဲမွန်ကျေးရွာရှိ အော်ဂဲနစ်မိုးစပါးစိုက်ပျိုးထားသူ တောင်သူတစ်ဦးက ပြောပြပါတယ်။
လွဲမွန်ကျေးရွာအပြင် အင်းဘေးဝဲယာရှိ နမ့်ပတဲကျေးရွာ၊ ကုန်းမနကျေးရွာ၊ နမ့်ဖောင်းစင်ကျေးရွာ နှင့် အင်းမြှီးဒေသ ပန်းလားကျေးရွာ စတဲ့ကျေးရွာက အော်ဂဲနစ်လယ်စိုက်ခင်းတွေလည်း ရေနစ်မြှုပ်မှုဖြစ်ပွားနေတာဟု သိရပါတယ်။
မိုးကြီးရေလျှံမှုကြောင့် အင်းတော်ကြီးဒေသအတွင်းက အော်ဂဲနစ်လယ်စပါး ဧက ခန့်မှန်းချေ ၂၀ ကျော်က ရေနစ်မြှုပ်နေတာဖြစ်ပြီး ပြန်လည်ကောင်းမွန်လာနိုင်သော အခြေအနေအလွန်ပင်နည်းပါးနေသည်ဟု ဆိုကြပါတယ်။
“ အခုနစ်တဲ့ပုံစံကတော့ အကုန်လုံးရူံးမှာ သူကချက်ချင်းလက်ငင်း စပါးစိုက်ခင်းထဲမှာရေလွှမ်းသွားတယ်ဆိုတော့ ရေကပြန်မကျတော့ဘူးလေ အခုထက်ထိပြန်မပေါ်နိုင်သေးဘူး “လို့ အင်းတော်ကြီးဒေသသဘာဝလယ်ယာသီးနှံစိုက်ပျိုးရေးအသင်း(INFA) မှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
အင်းတော်ကြီးဒေသမှာ အခုနှစ် အော်ဂဲနစ်စိုက်ပျိုးနည်းနဲ့ စိုက်ထားတဲ့ စပါးဧက ၈၅၀ ကျော်ရှိတယ်လို့ ၎င်းအသင်းထံကနေသိရပါတယ်။
အော်ဂဲနစ်နည်းဖြင့် စိုက်ပျိုးထားသော လယ်စပါးများအပြင် ကျန်လယ်ယာများတွင်လည်း ရေလွှမ်းမိုးနေတာဖြစ်ပြီး အဆိုပါလယ်များပါ ပျက်စီးဆုံးရူံးမှုရှိနေကြတာလည်း ဖြစ်ပါတယ်။
မိုးညှင်းခရိုင်အတွင်းမှာ မိုးကြီးရေလျှံမှုဖြစ်ပွားနိုင်တယ်လို့ အောက်တိုဘာ၁၂ရက်နေ့မှာ မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြနေတဲ့ Su Su San facebook page က ထုတ်ပြန်ပြောဆိုသတိပေးထားပါတယ်။