
ဇူလိုင် ၃၁ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသတွင် ပြီးခဲ့တဲ့ ရက်များက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လယ်ယာစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုဟာ အများဆုံးဖြစ်ခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။
အင်း၏ အရှေ့ကမ်းရှိ ကျေးရွာတွေဖြစ်တဲ့ ဟဲပုကျေးရွာ၊ ဟဲပါးကျေးရွာ၊ ဆနွင်းကုန်းကျေးရွာ၊ အင်းသာကျေးရွာ၊ နမ့်မော်ကန် စတဲ့ကျေးရွာတစ်လျှောက်ရှိ လယ်ယာများပျက်စီးမှုအများဆုံးရှိနေကြောင်း သိရပါတယ်။
“ ဒီနှစ်ကြီးတာက တအားပျက်တယ် လယ်တွေ ရွာတွေ ၊ရွာတွေဆိုတာက အိမ်တွေပါသွားတာတော့မဟုတ်ဘူး ခြံဝန်းအိမ်ထဲထိ သဲတွေနွံတွေလာဖို့ကျန်ထားတာ ချောက်ထဲအရင်တုန်းက ရေစီးတဲ့ဟာတွေက မစီးနိုင်တော့ဘူး သစ်ကိုင်းတွေသစ်ခက်တွေလာပိတ်ထားတော့တာ လယ်တွေလည်းအများကြီးပျက်တယ် ဒီနှစ်ကို အရှေ့ကမ်းမှာ” ဟု အင်းတော်ကြီးအရှေ့ကမ်းဒေသ ရွာသစ်ကျေးရွာရှိ တောင်သူတစ်ဦးက ဆိုပါတယ်။
စပါးစိုက်ထားတဲ့ လယ်တွေထဲ ရေများဝင်ရောက်ပြီး နှုံး၊ ရွံ့များ ၊ ရေစီးနှင့်အတူ မျှောပါလာတဲ့ သစ်ကိုင်းသစ်ခက်များက စပါးပင်တွေကို ဖုံးလွှမ်းဖိထားမှုတွေကြောင့် အပင်များပျက်စီးသွားတာဖြစ်တာလို့ တောင်သူများက ဆိုကြပါတယ်။
ဒါ့အပြင် အင်းတော်ကြီးအရှေ့ကမ်းလမ်းရှိ ကျေးရွာချင်းဆက်လမ်းပိုင်းတွေဟာလည်း ရေတိုက်စားမှုကြောင့် ပျက်စီးမှုများလည်း ရှိနေပါတယ်။
လူနေအိမ်များအတွင်းတွင်လည်း ရွံ့နွံများစွာ ကျန်ရှိနေပြီး ရေစီးကြောင့် အင်းသာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းပြိုကျမှုအပြင် နေအိမ်ခြံစည်းရိုးပြိုကျပျက်စီးမှု၊ လူသုံးကုန်၊ စက်ယန္တရား မျှောပါ ပျက်စီးဆုံးရူံးမှုတွေလည်း ရှိခဲ့ကြကြောင်း သိရပါတယ်။
“ သဘာဝပတ်ဝန်းကျင် အနေအထားပျက်ခဲ့တာကြောင့်လည်းပါတယ် ချောက်တွေ တောင်တွေထဲမှာ အရင်ကလို သစ်ပင်ကြီးတွေမရှိတော့ဘူး သစ်ယူ ထင်းယူ သစ်လုပ်တာတွေကြောင့်ပိုဆိုးတယ်လေ ဒါကြောင့် မိုးရွာပြီဆို ရေဒဏ်မခံနိုင်တော့ တောင်တွေပြိုကျပါခဲ့တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
ယခင်နှစ်တွေမှာ မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများတွင် တောင်မြေပြိုကျမှု မရှိခဲ့ဘဲ ယခုနှစ်တွင် နန့်မွန်းတောင်ရှိ တောင်မြေများ ပြိုကျလာမှုကြောင့် တောင်လမ်းတစ်လျှောက် ရွံ့နွံများဖုံးလွှမ်းကာ ဒေသခံများအနေဖြင့် ဖြတ်သန်းသွားလာမှု အခက်အခဲ ဖြစ်ခဲ့ရပါတယ်။
ဒီလိုဖြစ်ရပ်များဖြစ်ပွားနေမှုဟာ သစ်ထုတ်လုပ်မှုတွေ၊ ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလာတာ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြပါတယ်။