ဩဂုတ်လ ၁၉ ၊ အင်းတော်ကြီး
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မံစိမ်းကျေးရွာကနေ အင်းတော်ကြီးဒေသကိုအပြန်လမ်း တုံပေ-မိုင်းပုတ်ကျေးရွာ တောလမ်းမှာ ထောင်ထားတဲ့မိုင်းနင်းမိပြီး ဆင်နဲ့ ဆင်ပိုင်ရှင် သေဆုံးခဲ့တယ်လို့ သူ့မိသားစုတွေဆီကနေသိရပါတယ်။
ဆင်ပိုင်ရှင်ဖြစ်သူ ဦးသန်းကျော် ၊ ဆင်ဦးစီး နဲ့ ပိုင်ရှင်ရဲ့ ညီဖြစ်သူတို့ သုံးဦး နဲ့ ဆင်တစ်ကောင်တို့က ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာအပြန် တောလမ်းထဲမှာ မိုင်းနင်းမိတာဖြစ်တယ်လို့ ဆိုပါတယ်။
“ ဖုန်းကြီးဝင်လာခဲ့တော့ ဒေါ်လေးဒေါ်လေး ဦးလေးတို့ကဒုက္ခရောက်နေပြီဆိုပြီး ၊အဲ့မှာက ရှမ်းမိရှမ်းဖတွေရှိတော့ ရွာထဲသွားပြီးတော့မှ သွားစောင့်ထားပေးအုံးဆိုပြီးတော့ အကြာကြီးပါ့အေး။ တောလမ်းဆိုတော့၊ ထမ်းထွက်ခဲ့ရင်လည်း ရွာတွေမှာကလည်းဆေးတွေဝါးတွေမရှိဘူးပါ့။ဆေးတွေဝါးတွေရှိတဲ့နေရာကိုထမ်းသယ်ပေးအုံးဆိုပြီးတော့ပေါ့ပြောလိုက်တာ။ လာပို့တဲ့သူကလည်း လမ်းမှားနေတာ၊ သွားကြိုတဲ့သူကလည်း လမ်းမှားနေတာတဲ့အဲ့လိုကိုဖြစ်နေတာအချိန်ကကြာသွားတာ။ လမ်းခရီးကြောင့်ပေါ့လေ” လို့ သေဆုံးမှုနဲ့ ပတ်သက်ပြီး သူ့အမျိုးသမီးက ပြောပြပါတယ်။
ထောင်ထားတဲ့မိုင်း နင်းမိမှုကြောင့် ဆင်ပိုင်ရှင် ဦးသန်းကျော်က ချက်အောက်နားနှင့်ပေါင်နားတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆင်က ဗိုက်ပွင့်ထွက်သွားပြီး သေဆုံးတာဖြစ်တယ်လို့ သိရပါတယ်။
ဆေးကုသမှု အချိန်မမှီမှုတွေကြောင့် ဦးသန်းကျော်သေဆုံးတာဖြစ်တယ်လို့ သူ့မိသားစုတွေကဆိုပါတယ်။
“ အေးရောက်ခဲ့တော့ ဘာမှမဖြစ်ဘူး။ ချက်အောက်နားမှာန့ပေါင်နားမှာပဲထိတာ ဆေးကုသမှုအချိန်ကတအားနောက်ကျသွားတာ၊ လမ်းပန်းဆက်သွယ်ရေးကမကောင်းဖုန်းလိုင်းကလည်းမကောင်းဆိုတော့လေ။ ဆင်သမားကတော့ ဘာမှမဖြစ်သွား” လို့ဆိုပါတယ်။
သေဆုံးသွားတဲ့ ဆင်ပိုင်ရှင်ကို တုံပေ-မိုင်းပုတ်ကျေးရွာမှာပဲ မီးသင်္ဂြိုလ်လိုက်တယ်လို့ ပြောပါတယ်။
တုံပေ- မိုင်းပုတ်ကျေးရွာက မိုးတွင်းလမ်းခရီးက အလွန်ဆိုးရွာပြီး ခက်ခက်ခဲခဲသွားလာရတဲ့ အင်းတော်ကြီးဒေသက ကျေးရွာတွေလည်းဖြစ်ပါတယ်။