မေ ၁၇ ၊ အင်းတော်
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ ကျေးရွာများမှာ PDF များ လက်နက်တစ်ခုခုနှင့် အတူ စစ်ကောင်စီထံ အလင်းဝင်လာပါက ဆုကြေးငွေ ထုတ်ပေးမယ်ဆိုတဲ့ ပိုစတာတွေနှင့် လက်ကမ်းစာစောင်တွေကို မနက်စျေးတွေမှာ ဖြန့်ဝေနေတယ်လို့ မေလ ၁၆ ရက်နေ့မှာ ဒေသခံတွေက ရှမ်းနီအသံကို ပြောပြလာပါတယ်။
“ ဆိုင်းပုဒ်အကြီးစားကြီးကပ်ထားတာတစ်ခုပဲ။ PDFတွေအလင်းဝင်လို့ရှိရင်ဘာပါလို့ရှိရင်ဘယ်လောက်၊ဘာပါလို့ရှိရင်ဘယ်လောက်ဆိုပြီးမှလေ။မိုင်းခွဲတဲ့ဒရုန်းပါလို့ရှိရင်ငါးဆယ်သိန်းငါးဆယ်၊လက်နက်ပါလို့ရှိရင်လက်နက်တန်ကြေးနဲ့ဘယ်လောက်အဲ့လိုမျိုးကပ်ထားတယ်။’ လို့ဒေသခံလူငယ်တစ်ဦးကပြောပြပါတယ်။
PDF များ လက်နက်တစ်ခုခုနဲ့အတူ စစ်ကောင်စီထံ အလင်းဝင်လာပါက ဆုကြေးငွေ ထုတ်ပေးမယ်ဆိုတဲ့ ပိုစတာတွေကိုတော့ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ နေရာတွေမှာသာ တွေ့ရပြီး လက်ကမ်းစာစောင်တွေကိုတော့ မနက်ခင်းဈေးတွေမှာ ဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။
ဒီလိုပိုစတာတွေကို မိုးကောင်းမြို့နယ်အတွင်းမှာလည်း ဒီရက်ပိုင်း လမ်းဆုံလမ်းခွတွေမှာ ချိတ်ဆွဲကပ်ထားတယ်လို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက လက်နက်ခဲယမ်းတစ်ခုခုဖြင့် အလင်းဝင်လာရောက်ပါက လက်နက်အမျိုးအစားအပေါ်မူတည်ပြီး ဆုကြေးငွေချီးမြင့် ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က မေလ(၉)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုလာပါတယ် ။
ရိုင်ဖယ်အုပ်စုဝင်သေနတ်နှင့်ပြောင်းချောသေနတ် တစ်လက်စီကိုကျပ်သိန်း(၅၀) ၊ ပစ္စတိုအုပ်စုဝင်သေနတ်တစ်လက်ကို ကျပ်သိန်း(၂၀)၊ စိန်ပြောင်း၊လောင်ချာ၊ အာပီဂျီတစ်လက်စီကို ကျပ်(၇၅)သိန်း၊ လက်လုပ်သေနတ်တစ်လက်ကို ကျပ်(၅)သိန်း၊ လက်လုပ်မိုင်း၊ လက်လုပ်ဗုံးတစ်ခုစီကို ကျပ်(၃)သိန်း၊ စကားပြောစက်နည်းတူ တစ်ခြားအသုံးအဆောင်ပစ္စည်းများကို ကျန်း(၂)သိန်းနှင့် ဗုံးဖောက်ခွဲရေးအတွက် အသုံးပြုနိုင်တဲ့ ဒရုန်းတစ်စင်းကို ကျပ်သိန်း(၅၀) စသဖြင့် ဆုကြေးငွေများပေးအပ်မည်ဟု ဆိုထားပါတယ်။