စက်တင်ဘာ ၁၇ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသ အိုင်လေးတူကျေးရွာရှိ တောင်သူများ၏ စပါးစိုက်ခင်းများတွင် စပါးဂုတ်ကျိုးရောဂါကျရောက်နေကြောင်း တောင်သူများထံမှသိရသည်။
“ ရာသီဥတုကြောင့်လားမသိဘူး ပိုးမွှားကျမှုတအားများတယ်ဒီနှစ် မနှစ်တုန်းကလောက်ကိုကျတယ် ပြီးတော့ဂုတ်ကျိုးရောဂါဖြစ်တယ် ဖြစ်စဆိုတော့ လေးငါးခြောက်ဧကတော့ရှိသွားမှာပေါ့ ကျွန်တော်ဆေးတွေဖြန်းလိုက်တာ ကြိုတင်ပြီးမှသွားဖြန်းလိုက်တော့ သက်သာသွားတယ်” ဟု တောင်သူ ဦးကျော်ထွေးက ပြောသည်။
ထိုရောဂါသည် စပါးပင်အရွက်များတွင် အစက်သေးသေးလေးမှ အကွက်ထိဖြစ်လာပြီး အရွက်ခြောက်ကျသွားကာ စပါးပင်ငုတ်တိုတစ််ထွာခန့်သာကျန်တော့သည်။
စိုက်ပျိုးရေးစာတမ်းများအရ ၎င်းရောဂါသည် အပင်၏ ဇီဝကမ္မပြောင်းလဲချိန်တွင် ခံနိုင်ရန်နည်းပါးမှု ၊ စိုထိုင်းဆများပြားမှု တို့ကြောင့်ဖြစ်ပြီး ညအပူချိန်ကျ နိမ့်ကျနေမှုတို့ကလည်း ရောဂါကိုပြင်းထန်စေသည်ဟု ဆိုသည်။
“ တချို့ကလည်း ဓာတ်မြေဩဇာတွေပစ်ကြဲတာ ။ တချို့လယ်တွေဟာလည်း မဆိုးသင့်ပဲဆိုးသွားတာလဲရှိတယ်။” ဟု ဦးကျော်ထွေးက ဆက်လက်ပြောကြားသည်။
သုတေသနစာတမ်းများတွင် ထိုရောဂါပိုးကျရောက်နေချိန်တွင် ပုလဲမြေဩဇာကို ထည့်၍မရနိုင်ကြောင်း ပိုတက်/စက်ဖွဲပြာတို့ကိုသာ ထည့်သွင်းသင့်ကြောင်း အကြံပြုရေးသားထားသည်။
“လယ်တစ်စားလုံးရဲထွက်သွားပြီးမှ ငုတ်ပဲကျန်တာပါဆို ၊ ငုတ်ဆိုတာ တစ်ထွာလောက်လေးပဲရှိတာ ၊ အညွှန့်တက်လာတာမှန်သမျှ အကုန်လုံးစားတာလေ ၊ဘယ်လိုကြီးလဲမသိဘူး” ဟု တောင်သူတစ်ဦးက ဆိုသည်။
ထိုရောဂါကျသည် အိုင်လေးတူကျေးရွာရှိ စပါးစိုက်ပျိုးဧက ရာချီဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုရောဂါကို တောင်သူများက မှိုသတ်ရွက်ဖြန်းဆေးတစ်မျိုးကို အသုံးပြုပြီး တိုက်ဖျက်နေကြသည်။
သို့သော်လည်း ယခုနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းများတွင်အသုံးပြုသည့် ဓာတ်မြေဩဇာ နှင့် ဆေးများလည်း စျေးနှုန်းနှစ်ဆကျော်မြင့်တက်မှုနှင့် ကြုံတွေ့နေရသည်။