ဇူလိုင် ၁၀ ၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ် ၊အင်းတော်ကြီးဒေသ ၊ နန့်မွန်းမြို့တွင် မြို့တွင်းကနေ ဖြတ်သန်းသွားလာတဲ့လူငယ်အမျိုးသားများကို ဒီလပိုင်းတွေမှာ ပြည်သူ့စစ်တပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်ထားမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ ကချင်ကျောင်းမှာထိုင်လိုက်တော့တာ ပြည်သူ့စစ်တွေက အဲလိုထိုင်ထားပြီးမှ အများကြီးပဲနေကြတယ်လို့လည်းကြားတယ် ။ လူတွေကိုဖမ်းပြီးရင်အေ့ဒီဘုရားကျောင်းမှာပဲ နောက်ပြန်ကြိုးတွေတုတ်ပြီးထားထားတာ သူတို့မျက်စိကျတဲ့ တောင့်တောင့်ဖြောင့်ဖြောင့်ကောင်လေးတွေကိုပေါ့ ဘော်ဒါဆွဲတဲ့သဘောပေါ့” ဟု မမုန်ကိုင်ကျေးရွာသူတစ်ဦးက ပြောပြပါတယ်။
သူတို့ဖမ်းဆီးသွားတဲ့လူငယ်တွေကို ပြည်သူ့စစ်တာဝန်ထမ်းဆောင်စေပြီး မိသားစုတွေကိုလည်း မည်သည့်အကြောင်းအရင်းနဲ့မှ လာရောက်ရွေးထုတ်ပေးခြင်းမပြုဘူးရဘူးလို့လည်း ပြောဆိုထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုနဲ့ ပြည်သူ့စစ်ဂိတ်(၂)ဂိတ် စုစုပေါင်း စစ်ဆေးရေးဂိတ်(၃)ဂိတ်ရှိနေကာ ဖြတ်သန်းသူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်)စစ်ဆေးတင်းကြပ်တာတွေ ရှိနေတယ်လို့လည်း ဆိုကြပါတယ်။
“ နန့်မွန်းကိုဘယ်သူမှမသွားရဲဘူး မိုင်းနောင်ကယောင်္ကျားလေးတွေဆို ဘယ်သူမှမသွားတော့ဘူး လိုအပ်မှပဲသွားကြတော့တာ ခါတိုင်းဆိုအလျှိုလျှိုသွားကြတာ စျေးဝယ်ဆို အရင်ကမိုင်းနောင်ကတွေနန့်မွန်းမှာပဲဝယ်တာ အခုဆို ဘယ်သူမှမသွားဝယ်ရဲတော့ဘူး’လို့ စျေးသည်တစ်ဦးက ဆိုပါတယ်။
မိုင်းနောင်ကျေးရွာက ရွေလုပ်သား(ကျင်းသား)တစ်ဦးနဲ့ ရွာသားတစ်ဦးတို့ မကြာသေးမီ ရက်ပိုင်းကလည်းဖမ်းဆီးခံထားရပြီး ယခုလိုသတင်းမထွက်ပေါ်ပဲ ဖမ်းဆီးခံရသူဒေသခံအများအပြားလည်း ရှိနေကာ ပြန်လည်လွှတ်ပေးခြင်းမရှိဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင် ဒေသတွင်းပြေးဆွဲနေတဲ့ ကုန်တင်ယာဉ်များကိုလည်း ဂိတ်တစ်ခုလျှင် ကားတစ်စီးကို ဖြတ်သန်းခွင့်(၅)ထောင်ကျပ်အနည်းဆုံးဖြင့် ငွေကြေးကောက်ခံနေတယ်လို့လည်း ဒေသတွင်းယာဉ်မောင်းနေသူများက ပြောပြပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေမှာတော့ အင်းတော်ကြီးဒေသခံလူငယ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့ (KPDF)များရဲ့ လူသစ်စုဆောင်းခေါ်ဆောင်ခြင်းကိုလည်း ခံခဲ့ကြရပြီး လက်နက်ကိုင်တပ်ဖွဲ့တွေကြား စိုးရိမ်ကြောက်လန့်မှုများဖြင့် ရှင်သန်နေထိုင်နေကြရတာတာလည်း ဖြစ်ပါတယ်။