ဒီဇင်ဘာ ၃ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသ အင်းတော်ကြီးမြို့ (လုံးတုံ)မှာ ဒီဇင်ဘာလ (၄) ရက်ကနေ ကားလိုင်စင်တွေကို စတင်ဖမ်းဆီးမယ်လို့ စစ်ကောင်စီကြေညာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဖမ်းတာက ဒီဇင်ဘာ (၄) ရက်နေ့မှ စဖမ်းမှာ၊ အခုက သတိပေးထားတာ” လို့ အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။
လုံးတုံစစ်ဆေးရေးဂိတ်မှာ ကားလိုင်စင်မရှိသူတွေ၊ လိုင်စင်သက်တမ်းကုန်ဆုံးနေတဲ့ ကားတွေကို ဖမ်းဆီးမယ်လို့ ဒီဇင်ဘာ ၂ ရက်နေ့မှာ ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
အင်းတော်ကြီးဒေသမှာ စီးနင်းနေကြတဲ့ ကားတွေဟာ လိုင်စင်မဲ့ကားတွေဖြစ်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
မိုးညှင်းမြို့မှာလည်း နိုဝင်ဘာလက လိုင်စင်မဲ့ ကားများ ၊ ဆိုင်ကယ်များနဲ့ ယာဉ်မောင်းလိုင်စင်မရှိသူတွေကို တစ်ပတ်နီးပါးကြာ ဖမ်းဆီးမှုတွေပြုလုပ်ခဲ့သလို ကချင်ပြည်နယ်က မြို့ကြီးတွေဖြစ်တဲ့ မြစ်ကြီးနား၊ ဗန်းမော်မြို့တွေမှာလည်း ဖမ်းဆီးမှုတွေရှိခဲ့တာဖြစ်ပါတယ်။