ဒီဇင်ဘာ ၁၁ ၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စပါးဝယ်တဲ့ ကုန်သည်တွေ ဝင်ရောက်လာခြင်းမရှိတာကြောင့် အခုနှစ်ထွက် ကောက်သစ်စပါးတစ်တင်းကို ကျပ်(၈)ထောင်ဖြင့်သာ ရောင်းချနေကြရတယ်လို့ တောင်သူများထံမှ သိရပါတယ်။
“ ကုန်သည်တွေက ကြီးကြီးမားမားမရှိဘူး အခုကောက်သစ်ပေါ်တော့ လက်ထဲပိုက်ဆံရှိထားတဲ့ စပါးဝယ်ပြီးလှောင်ကြတဲ့သူတွေ နည်းနည်းရှိတဲ့အခါကျတော့ သူတို့ကသူတို့တတ်နိုင်သလောက် အတင်း၅၀၀ ဆိုလည်း၅၀၀ အဲ့သလိုဝယ်လှောင်ကြတာပေါ့ စပါးစျေးကောင်းလာနိုးနိုးမျှော်လင့်ချက်နဲ့လေ” ဟု တောင်သူတစ်ဦးက ဆိုပါတယ်။
ယမန်နှစ်ကတော့ အရည်အသွေးအနိမ့်ဆုံး ကောက်သစ် စပါးတစ်တင်းကို ကျပ်တစ်သောင်းခွဲထိ ပေါက်စျေးရရှိပြီး ဒီနှစ်မှာ အရည်အသွေးအမြင့်ဆုံးစပါးတစ်တင်းကို ကျပ်(၈)ထောင်သာ ရောင်းချကြရတာလည်းဖြစ်ပါတယ်။
ဒါဟာ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေပိတ်ပင်ထားမှုများအပါအဝင် စပါးကုန်သည်များအင်းတော်ကြီးဒေသအတွင်းကို ဝင်ရောက်နိုင်ဖို့အတွက် အခက်အခဲများစွာရှိနေတာကြောင့်ဟု သိရပါတယ်။
တောင်သူတွေဟာ စပါးများရိတ်သိမ်းနိုင်ဖို့အတွက် ငွေကြေးအဆင်မပြေမှုတွေကြောင့် မွေးမြူထားတဲ့ကျွဲ၊နွား၊များကိုလည်း ရောင်းချခဲ့ကြရပြီး စပါးရိတ်ချွေစက်တန်ဖိုးတွေကို ပေးချေခဲ့ကြရတယ်လို့ တောင်သူများက ပြောပြပါတယ်။
“ ဒီစပါးစိုက်တဲ့ ဒီအလုပ်ပဲလုပ်တတ်ကြတော့ ကုန်ကျတာနဲ့မကာမိလည်းလုပ်နေရတာပါ့ ရိတ်ပြီးတော့လည်း လယ်ရှင်တစ်ဦးနဲ့တစ်ဦး နွားဘယ်နှစ်ကောင်ရောင်းလိုက်ရလဲပဲ မေးနေရတယ် အခုစပါးရောင်းပြန်တော့လည်း ဘာမှပြန်မရဘူးကုန်ခဲ့တဲ့ဟာတွေ” ဟု အင်းတော်ကြီးဒေသ၊ပန်းလားကျေးရွာရှိ တောင်သူတစ်ဦးက ဆိုပါတယ်။
မိုးညှင်းမြို့အနီးရှိ ကျေးရွာတွေမှာတော့ စပါးတစ်တင်းလျှင် ကျပ်တစ်သောင်းနှစ်ထောင် ပေါက်စျေး ရှိနေတယ်လို့သိရပါတယ်။
ယခုနှစ်မှာ မိုးညှင်းမြို့နယ်အတွင်း မိုးများမှုနဲ့ ရေကြီးရေလျှံမှုတွေ၊ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် တစ်ချို့လယ်ယာစိုက်တောင်သူများက (၄)ကြိမ်ထိတိုင် ပြန်လည်စိုက်ပျိုးခဲ့တာတွေရှိခဲ့သလို မရိတ်သိမ်းနိုင်ခဲ့သော လယ်ဧကထောင်ချီလည်း ရှိနေကြောင်း သိရပါတယ်။