အင်းတော်ကြီးသဘာဝပတ်ဝန်းကျင်များလေ့လာဖို့နှင့်နားနေဖို့အတွက်  ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအသင်းတည်ဆောက်နေသည့်အိပ်ဆောင်ပြီးစီး 

မေ ၃၀ ၊ အင်းတော်ကြီး 

အင်းတော်ကြီးဒေသရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုများကို ကျောင်းသားလူငယ်များ လာရောက်လေ့လာရာမှာ နားနေအိပ်စက်ဖို့အတွက် အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအသင်းက တည်ဆောက်ခဲ့သည့် အိပ်ဆောင်ပြီးစီးပြီး ဖွင့်ပွဲတစ်ရပ်ကိုလည်း မေလ ၃၀ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

“ အဓိကရည်ရွယ်ချက်က အထက်တန်း၊ အလယ်တန်းကျောင်းသူ/သားတွေ ဒီအင်းတော်ကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို လာရောက်လေ့လာဖို့ ၊ တည်းခိုဖို့ကို အိပ်ဆောင်ဖွင့်ထားတယ်”​ လို့ အင်းတော်ကြီးရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအသင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးသန်းစိန်က ဆိုပါတယ်။ 

ဒီအိပ်ဆောင်ကို  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး INGO အဖွဲ့တစ်ခုဖြစ်တဲ့ FFI နှင့် အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအသင်းတို့က ပူးတွဲတည်ဆောက်ကြတာလည်းဖြစ်ပါတယ်။ 

ဒီအဆောက်အဦးကို ၂၀၂၂ ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလကုန်ပိုင်းမှာ  ပင်မဆောင် ပြီးစီးခဲဲ့တာဖြစ်ကာ ချက်ပြုတ်နိုင်ရေးအတွက်မီးဖိုချောင်၊  ရေချိုးခန်း နှင့် အိမ်သာများ တည်ဆောက်ရန်ကျန်နေသေးတယ်လို့သိရပါတယ်။

အင်းတော်ကြီးဒေသအတွင်းရှိ ကျောင်းသား/သူများ က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု လေ့လာရေးခရီးစဉ်များကို တစ်လလျှင် ကျောင်းနှစ်ကျောင်းခန့် ပြုလုပ်သွားဖို့ အစီအစဉ်ရှိထားပြီး ဘယ်အချိန်စတင်အကောင်အထည်ဖော်မယ်ဆိုတာ မသိရှိရသေးပါဘူး။ 

အင်းတော်ကြီးဒေသဟာ  ယူနီစကိုလ် အသိအမှတ်ပြုထားတဲ့ လူသားနှင့် ဇီဝအဝန်းအဝိုင်းနယ်မြေတစ်ခုဖြစ်ပြီး အင်းတော်ကြီးသဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုတွေဟာလည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ဆိုးရွားလာနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *