အင်းတော်ကြီးအင်းမြှီးဒေသမှာကိုဗစ်ရောဂါပိုးကူး စက်မှုမြင့်တက်နေ

အင်းတော်ကြီးဒေသတွင် TestKit ဖြင့် Covid19 စစ်ဆေးနေသူ Volunteer တစ်ဦးကိုတွေ့ရစဉ်

စက်တင်ဘာ ၁၅ ၊ အင်းတော်ကြီး 

အင်းတော်ကြီး အင်းမြှီးဒေသတွင် စက်တင်ဘာလအစပိုင်းမှ စတင်ပြီး ကူးစက်မှုမြင့်တက်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိမှုများအရ  ရက်ပိုင်းအတွင်း ၃၀ ကျော်ရှိနေပြီး ကိုဗစ်လက္ခဏာဖြစ်သည့် နာစေးခြင်း ၊​အနံ့ပျောက်ခြင်းများ ခံစားနေရသည့် အိမ်ထောင်စုများစွာရှိကြောင်း ဒေသတွင်း Volunteer များက ပြောသည်။​

“ တွေ့တဲ့လူတွေမှာ အခုဟာက ကောင်းကောင်းမွန်မွန်တွေကြီးပဲ သန်သန်မာမာတွေပဲ​၊ ဒါပေမယ့် နာစေးပြီးမှ အနံ့ပျောက်ကြတယ်။” ဟု အင်းတော်ကြီးရှမ်းနီလူငယ်ကွန်ရက်မှ ပြန်ကြားရေးတာဝန်ခံ စိုင်းကျော်ထက်အောင်က ပြောသည်။​

အင်းမြှီးဒေသကိုဗစ်ရောဂါပိုးမြင့်တက်လာခြင်းမှာ ကိုဗစ်စည်းမျဉ်းစည်းကမ်းများလိုက်နာမှု အားနည်းခြင်း နှင့် စစ်ဆေးနိုင်သည့် နေရာများမရှိခြင်းကြောင့်ဟု ဒေသခံများကပြောဆိုသည်။ 

“ တောရွာဆိုတော့ဗျာ နိုင်ငံရေးကလည်းမကောင်းတာနဲ့ ကိုဗစ်စည်းကမ်းတွေကို ကျွန်တော်တို့ ဆော်ဩပေးနေတာ ဒါပေမယ့် လိုက်နာမှုအားနည်းတာပေါ့ ၊ တချို့လည်း Mask တော့တပ်တယ် တပ်ပုံတပ်နည်းမမှန်ဘူး ပြီးရင် Mask တပ်တယ်ဆိုပြီးရင်လည်း လက်ဆေးရမယ်ဆိုတာ မလုပ်ကြဘူး” ဟု အိုင်လေးတူကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။ 

အင်းမြှီးဒေသတွင် အိုင်လေးတူကျေးရွာသည် လက်ရှိ ကူးစက်မှုအမြင့်ဆုံးကျေးရွာတစ်ခုလည်းဖြစ်နေသည်။ 

“ အိမ်ခြေ (၁၀၀) မှာ ၇၀ လောက်တော့ သေချာနေပြီ ကွင်းဆက်အရပေါ့လေကျွန်တော်ပြောတာ ။ အခုဖြစ်နေတာတောင် သုံးလေးငါအိမ်ထောင်ရှိနေပြီ ။ မနေ့ကတွေ့တဲ့သူဆိုရင် စျေးဆိုင်ရောင်းတဲ့အိမ်ကဆိုတော့တစ်ရွာလုံးကဖြင့် သူ့ဆိုင်မှာပဲဝယ်နေတာ”  ဟု အိုင်လေးတူကျေးရွာသားတစ်ဦးက ပြောသည်။ 

အင်းတော်ကြီး အင်းမြှီးဒေသတွင် ကိုဗစ်ရောဂါပိုးစစ်ဆေးနိုင်သည်မှာ ယခုစက်တင်ဘာလမှဖြစ်သည် ။ 

စုံစမ်းသိရှိရသည့်သတင်းများအရ တချို့သော ကိုဗစ်ရောဂါလက္ခဏာပြနေသူများလည်း နေအိမ်တွင် ကိုယ်တိုင်ကုသလျှက်ရှိနေကြောင်းသိရသည်။​

အင်းမြှီးဒေသ (၇)​ရွာတွင် ၅ ရွာနီးပါး၌ ရောဂါပိုးကူးစက်နေပြီး သံဃာတော် (၂) ပါး ၊ ကိုရင် (၂) ပါး နှင့် လူလတ်ပိုင်း (၂၈) ဦးတို့ပါဝင်ကြောင်းသိရသည်။​

Leave a Reply

Your email address will not be published. Required fields are marked *