အင်းတော်ကြီးအိုင် ရေလည်ဘုရားပွဲကို ငါးနှစ်ဆက်တိုက် အကျဉ်းချုံ့သာကျင်းပနိုင်

ဖေဖော်ဝါရီ ၂၇  ၊ အင်းတော်ကြီး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအိုင်အတွင်းရှိ ရွှေမဉ္ဇူရေလည်ဘုရားပွဲကို ယခုနှစ်တွင်လည်း အကျဉ်းချုံ့သာကျင်းပသွားမှာဖြစ်ကြောင်း ဘုရားဂေါပကများထံမှ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့  ဒေသတွင်း နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့်  ၂၀၂၁ ခုနှစ်ကနေ  ၂၀၂၄ ခုနှစ်အထိ အကျဉ်းချုံ့သာကျင်းပခဲ့တာဖြစ်ပြီး ယခုနှစ်အပါအဝင် ပျော်ပွဲရွှင်ပွဲတွေနဲ့ ကြီးကျယ်ခမ်းနားစွာမကျင်းပနိုင်တာ ငါးနှစ်ဆက်ရှိလာပြီလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေလို  ယခုနှစ်၂၀၂၅ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကိုလည်း တပေါင်းလမှာကျင်းပသွားမှာဖြစ်သလို  အင်းတော်ကြီးဒေသအတွင်းရှိ ကျေးရွာအုပ်စု(၁၄)အုပ်စုမှ ဘုန်းတော်ကြီးများကို တပေါင်းလပြည့်နေ့မှာ ဆွမ်းဆန်စိမ်းလောင်းလှူသွားမှာဖြစ်ကြောင်း သိရပါတယ်။

၁၄အုပ်စုရှိတဲ့ ဘုန်းကြီးအကုန်လုံးဖိတ်ထားတယ် အနေကဇာတင်မယ် လပြည့်နေ့မှာဆွမ်းလောင်းမယ် လူတွေကတော့လာနိုင်တဲ့လူလာကြပေါ့  သံဃာအပါးကတော့မနှစ်ကတော့များတယ် အပါး၂၀၀ကျော်တယ် ဒီနှစ်ကတော့ဘယ်လောက်လာမလဲမသိဘူး အခြေအနေက ပြောလို့တော့မရဘူး မနှစ်ကလိုပဲများချင်လည်းများသွားနိုင်တယ် လူပုဂ္ဂိုလ်တွေကတော့နည်းချင်နည်းလောက်တယ်’ ဟု ရွှေမဥ္ဇူရေလည်ဘုရားဂေါပက ဦးသောင်းညွှန့်က ပြောပြပါတယ်။

အခုလိုရိုးရာမပျက်ကျင်းပနိုင်ရန်အတွက် ဒေသတွင်းက ဆရာတော် သံဃာတော်များ ၊ ဘုရားဂေါပကများနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးများက အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြတာဖြစ်ကြောင်း ဆိုပါတယ်။

ဘုရားပွဲကို ယခင်က ကချင်ပြည်နယ် သာသာရေးဦးစီးဌာနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့က ဦးဆောင်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ပြုလုပ်ကြတာဖြစ်ပါတယ်။ 

ပွဲတော်ကြီးမဖြစ်မြောက်သော်လည်း တပေါင်းလပြည့်နေ့မှာ ဒေသအတွင်းက ရှမ်းနီတိုင်းရင်းသားတွေက ရေလည်ဘုရားမှာ ဆွမ်းတော်တင်ကပ်လှူမှုများ ပြုလုပ်လေ့ရှိပါတယ်။

ကိုဗစ်မတိုင်ခင်နှစ်တွေက ဒီဘုရားပွဲကို မြန်မာပြည်အနှံ့အပြားက ဘုရားပွဲလာရောက်သူ သိန်းနဲ့ချီရှိခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာတော့ ဒေသအတွင်းက ရှမ်းနီတိုင်းရင်းသားတွေနဲ့ အနီးဝန်းကျင်ရှိသူတွေသာ လာရောက်ကြပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *