
ဒီဇင်ဘာ ၁၄ ၊ မိုးညှင်း
အင်းတော်ကြီးဒေသ ၊ ဟိုပင်မြို့ နဲ့ ပင်းဘောကျေးရွာတွေကို ဒီဇင်ဘာလ (၁၁) ရက်နေ့ ကစပြီး 66 KV လိုင်း ဓာတ်အားကျမှုဖြစ်ပေါ်နေခြင်းကြောင့် အလှည့်ကျစနစ်နဲ့သာ လျှပ်စစ်မီးပေးမှုတွေစတင်မယ်လို့ မိုးညှင်းလျှပ်စစ်ဌာနက သိရပါတယ်။
ဓာတ်အားလိုင်းမလုံလောက်မှုကြောင့် အင်းတော်ကြီး၊ ဟိုပင် ၊ ပင်းဘောရှိ ကျေးရွာတွေကို ဒီဇင်ဘာလ (၁၂) နေ့က စတင်ပြီး ၊ အလှည့်ကျစနစ်နဲ့ မီးစတင်ပေးနေတယ်လို့ မိုးညှင်းမြို့နယ် လျှပ်စစ်ဌာနကနေ သိရပါတယ်။
“ မီးပျက်တာက ဟုတ်တယ် ၊ အခုလည်းပျက်နေတယ် ၊ အလှည့်ကျပေးနေတာ ဟုတ်မှာပေါ့ ၊ အလုပ်လဲ ပျက်တယ် “ လို့ နန့်မွန်းဒေသခံတစ်ဦးက ပြောပါတယ်။
အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးတဲ့စနစ်ကို လေးနာရီပျက် လေးနာရီပေးစနစ်နဲ့ ပြုလုပ်နေတာလို့ သိရပါတယ် ။
အလှည့်ကျလျှပ်စစ်မီးရရှိတဲ့ ဒေသတွေက ဟိုပင်မြို့ ပေါ်ရပ်ကွက်နဲ့ ကျေးရွာများ ၊ နန့်မွန်းမြို့ ၊ လုံးတုံမြို့ နဲ့ ရွာသစ်ကြီး ခုနစ်မိုင် ၊ လွင်ဦး ၊ ဇီးကုန်းရွာသစ်ကလေး ဘုန်းကြီးစခန်း ၊ ပင်းဘောဒေသရှိကျေးရွာတွေပဲ ဖြစ်ပါတယ်။
မိုးညှင်းမြို့နယ်အတွင်းက လျှပ်စစ်မီတာခတွေကိုလည်း စစ်ကောင်စီတပ်တွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ကောက်ခံတဲ့အပြင် ကြွေးကျန်အိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။